Home » » ရခိုင်ရိုးမနှင့် ဆက်စပ် ဧရာဝတီတိုင်း မြို့နယ်များ ငှက်ဖျား ဖြစ်ပွားနှုန်းမြင့်

ရခိုင်ရိုးမနှင့် ဆက်စပ် ဧရာဝတီတိုင်း မြို့နယ်များ ငှက်ဖျား ဖြစ်ပွားနှုန်းမြင့်

Written By Unknown on Friday, July 12, 2013 | 3:54 PM

ပုသိမ်၊ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး ရခိုင် ရိုးမနှင့် ဆက်စပ်နေသော မြို့နယ် ခုနစ်ခုတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု နှုန်း မြင့်မားကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဌာနမှူး ဒေါက်တာ အောင်ကြည်ဆွေက ပြောကြားသည်။

ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည် ၊ ပုသိမ်နှင့် သာပေါင်း မြို့နယ်တို့တွင် ငှက်ဖျားရောဂါ အဖြစ်များပြီး ငွေဆောင်မြို့နယ်ခွဲ ဘူးကွဲကျေးရွာရှိ ခြင်နမူနာများကို ဖမ်းယူစစ်ဆေးရာ ငှက်ဖျားရောဂါ ဖြစ်နိုင် သည့် Anopheles Sandaicus ခြင်အမျိုးအစား ဖြစ်သည်ကို တွေ့ရှိ ရကြောင်း အဆိုပါ မြို့နယ်များတွင် ရောဂါ ဖြစ်ပွားမှုနှုန်းမှာ မွေးစမှ အသက် ၁၅ နှစ်အထိ ၃၀ ရာခိုင်နှုန်းနှင့် အသက် ၁၅ နှစ် အထက် ၇၀ ရာခိုင်နှုန်း ခန့်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လေးမျက်နှာ မြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ ခုရှိပြီး ငဝန်မြစ် အနောက်ဘက် ကမ်းရှိ ကျေးရွာအုပ်စု ၁၀ ခုမှာ ငှက်ဖျား အန္တရာယ်ရှိ ဒေသများ ဖြစ်သည့် အတွက် ငှက်ဖျား ဖြစ်ပွားမှုနှုန်း မြင့်မားကြောင်း အဆိုပါမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ဦးရေ သုံးသောင်း ခန့်ရှိပြီး ၄၀ ဦးခန့် နှစ်စဉ် သေဆုံးနေခြင်းကြောင့် ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် တာရှည်ခံ ဆေးစိမ် ခြင်ထောင် များ ဖြန့်ဝေပေးနေကြောင်း ကျန်းမာရေး ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly