Home » » ပြည်တွင် ကလေး ၈၀ သွေးလွန်တုပ်ကွေးဖြစ်ပွား

ပြည်တွင် ကလေး ၈၀ သွေးလွန်တုပ်ကွေးဖြစ်ပွား

Written By Unknown on Monday, July 8, 2013 | 4:20 PM

ပြည်၊ ဇူလိုင် ၇

နှစ်စဉ် ဇွန်လမှစက်တင်ဘာလအထိ ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေး ရာသီ၌ ပြည်မြို့တွင် ၁၅ နှစ်အောက်ကလေး ၈၀ ကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေပြီး အသေအပျောက် မရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအရာရှိ ဒေါက်တာ ခင်ထားနှစ်က ပြောကြားသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ကလေး ၄၀ ကျော်သည် ပြည်ကလေးဆေးရုံကြီးတွင် တက်ရောက်လျက်ရှိပြီး ပြင်ပဆေးရုံများတွင် ၄၀ ခန့်တက်ရောက် ကုသနေကြကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် သုံးနှစ်တစ်ကြိမ် ကျန်းမာရေးပြဿနာ အသွင်ဆောင်ကာ အဖြစ်များပြီး ယခုနှစ်သည် အဖြစ်များမည့်နှစ် ဖြစ်သော်လည်း ဇွန်လအတွင်း ပြည်မြို့တွင်းနှင့် အနီးဝန်းကျင်တွင်ရှိသော စာသင်ကျောင်း ၆၁ ကျောင်းကို သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး စီမံချက်ဖြင့် ခြင်ဆေးရည်များ ဖျန်းပေးခဲ့ပြီး လက်ရှိတွင် အခြေအနေဆိုးရွားမှု မရှိကြောင်း ၎င်းကဆိုသည်။

သွေးများကို ကြိုတင်စုဆောင်းထားပြီး သွေးလွန်တုပ်ကွေး ဖြစ်၊ မဖြစ်ကို အတိအကျ အဖြေထုတ် စမ်းသပ်ပေးနိုင်သော Test Kid အယောက် ၁၀၀ စာအဆင်သင့် ထားရှိကြောင်း ပြည်မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင့်ရွှန်းက ပြောကြားသည်။

ရောဂါဖြစ်ပွားသော ကာလတွင် ခြင်ကိုက်မခံမိစေရန် အထူးဂရုစိုက်ရမည် ဖြစ်ပြီး ကလေးများကို သတိဖြင့်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားနိုင်သည့် လက္ခဏာများ တွေ့ရှိပါက အချိန်မီ ကုသမှု ခံယူရမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက အကြံပြု ပြောကြားသည်။

The Voice Weekly