Home » » ရွှံ့စေးကို ယူရေနီယမ်ဟု လိမ်ရောင်းသူများ ရဲဖမ်းခံရ

ရွှံ့စေးကို ယူရေနီယမ်ဟု လိမ်ရောင်းသူများ ရဲဖမ်းခံရ

Written By Unknown on Monday, July 15, 2013 | 8:17 PM

ရွှံ့စေးများကို ယူရေနီယမ်ဟု လိမ်လည်ရောင်းချမှုဖြင့် သံသယရှိသူသုံးဦးကို သင်္ဃန်းကျွန်းရဲစခန်းမှ ရဲများက ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယူရေနီယမ်ဆိုသည်မှာ အနုမြူဗုံး လုပ်ရာတွင်လည်းကောင်း၊ နျူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွင် လည်းကောင်း အရေးပါသည့် ကုန်ကြမ်းသတ္တုဖြစ်ပြီး ကမ္ဘာပေါ်ရှိသတ္တုများထဲတွင် အလေးဆုံး၊ အသိပ်သည်းဆုံး ဖြစ်သည်။

ယခုအမှုသည် မန္တလေးမှ မူးယစ်ဆေးမှု တစ်ခု၏ ကွင်းဆက်အဖြစ် ရဲများက သင်္ဃန်းကျွန်း ဦးစံဖေရပ်ကွက်မှ တိုက်ခန်းတစ်ခုတွင် သံသယရှိသူတစ်ဦးကို သွားရောက်ရှာဖွေ စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခန်းတွင် အသက် ၃၀ အရွယ် ကိုထွန်းလင်းနိုင်(ခ) ကိုတိုးဆိုသူကို ရဲများက တွေ့ရသဖြင့် သူ၏ ဘေးလွယ်အိတ်ကို စစ်ဆေးရာ ယူရေနီယမ်ထည့်သွင်းထားသည်ဟု သံသယရှိဖွယ်ကောင်းသော အလုံပိတ်သတ္တုဘူး တစ်ဘူးကို တွေ့ရှိရသည်ဟု ရဲဌာန၏ သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

အင်္ဂလိပ်စာသားများ ရေးသားထားသည့် အဆိုပါ သတ္တုဗူးမှာ အလျား ခုနစ်လက်မ၊ အနံ ငါးလက်မ အကျယ်တစ်လက်မရှိပြီး တစ်ကီလိုဂရမ်လေးသည်ဟုလည်း ရဲများက မှတ်တမ်းတင်ထားသည်။ အဆိုပါ ဗူးထဲ၌ ရှိနေသော ပစ္စည်းမှာ ယူရေနီယမ်ဟုတ်၊ မဟုတ် ရဲများက ချက်ချင်းအတည်မပြုနိုင်သဖြင့် စီအိုင်ဒီ မှုခင်းရဲတပ်ဖွဲ့သို့ ပို့ဆောင်စစ်ဆေးခဲ့ရသေးသည်။ စီအိုင်ဒီက ယူရေနီယမ်များမဟုတ်ဘဲ ရွှံ့စေးများသာ ဖြစ်ကြောင်း အတည်ပြုမှသာ ယခုကိစ္စကို လိမ်လည်မှု၊ အတုလုပ်မှုဖြင့် တရားစွဲရန် စီစဉ်ခဲ့ကြသည်ဟု ရဲဌာနဆိုသည်။

ပစ္စည်း လက်ဝယ်တွေ့ရှိသူ ကိုထွန်းလင်းနိုင်ကို ရဲများက စစ်ဆေးရာတွင် သူသည် ထိုပစ္စည်းကို အသက် ၄၆ နှစ် အရွယ် ချင်းတိုင်းရင်းသား ကိုပေါက်(ခ) ခုပ်လျန်းပေါင်ထံမှ ယူရေနီယမ်အမှတ်ဖြင့် ၀ယ်ယူထား ခြင်းဖြစ်ကြောင်း၊ ကိုပေါက်သည်လည်း ရန်ကုန်တွင်ရှိနေကြောင်း ပြောဆိုသဖြင့် ထိုသူကိုဖမ်းဆီးရန် ရဲများက ဆက်လက်ကြိုးပမ်းခဲ့သည်။

ကိုပေါက်ကို တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက် အခွန်လွတ်ဈေးအနီးရှိ တော်ဝင်ပန်း လက်ဖက်ရည် ဆိုင်တွင် ကပ်လျန်းဟန်ဆိုသူနှင့်အတူ ရဲများကဖမ်းမိခဲ့သည်။

ဖမ်းဆီးမိချိန်တွင်လည်း ကိုပေါက်က ထိုပစ္စည်းအား အိန်္ဒိယနိုင်ငံ မိုးရေးမြို့တွင်နေထိုင်သည့် ဦးလေးဖြစ် သူ ခပ်လျန်းထန်ထံမှ မှာယူပေးခဲ့ကြောင်း ရဲများကို ထွက်ဆိုသည်ဟု ရဲဌာန၏ သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

ကိုပေါက်က ကိုထွန်းလင်းနိုင်သည် ၄၂၅ ဗို့ရှိ ယူရေနီယမ်ကို လိုချင်ကြောင်း ပြောသဖြင့် ဦးလေးထံ မှာ ယူပေးခြင်းဖြစ်သည်ဟုလည်း ရဲစခန်း၌ ထွက်ဆိုထားသည်။ ကိုထွန်းလင်းနိုင်သည် ယူရေနီယမ်သတ္တု ကို မည်သည့်နေရာတွင် အသုံးချရန် ၀ယ်ယူသည်ကိုမူ ရဲဌာနက မထုတ်ပြန်ပေ။

ယခုကိစ္စကို ဒုရဲမှူးခင်မောင်သိန်းက တရားလို ပြုလုပ်ပြီး ရဲစခန်းက အမှုအမှတ် (ပ)၂၉၆/၁၃ဖြင့် အမှု ဖွင့်ထားပြီး သံသယရှိသူများဖြစ်သည့် ကိုထွန်းလင်းနိုင်၊ ကိုပေါက် နှင့် ကိုကပ်လျန်းဟန်တို့ကို ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၄၆၈ အတုလုပ်မှုတို့ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese