Home » » မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့်

မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့်

Written By Unknown on Monday, July 15, 2013 | 1:31 PM

မန္တလေး၊ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့် တစ်ဧကလျှင် ကျပ် သိန်း တစ်ထောင်ခန့် အထိ ဈေးမြောက်လာကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

“ဝယ်လက်ကတော့ စုံတယ်။ အခု လယ်ယာမြေဘက်ကို စိတ်ဝင်စားမှု ပိုများလာကြတဲ့ သဘောပါ” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချိုက ဆိုသည်။

လက်ရှိ ဈေးကွက်တွင် မန္တလေး မြို့ပြင်မှ မြစ်သားမြို့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနီးတစ်ဝိုက်ရှိ လယ်ယာမြေများ အရောင်းသွက်လျက် ရှိပြီး မန္တလေးမှ ပြင်ဦးလွင် အတက်လမ်း ရတနာပုံ ဆိုက်ဘာစီးတီး အနီးရှိ လယ်ယာမြေများကို ဝယ်လက် ပိုကြိုက်ကာ အရောင်းသွက်လျက် ရှိကြောင်း ဒေါ်ချိုက ထပ်မံ ပြောကြားသည်။

“မြေခိုင်မာမှုပေါ် ကြည့်ပြီး ဝယ်လက်က လိုက်လာတာဆိုတော့ လယ်ယာမြေတွေဘက်ကို ဇောင်းပေး လာကြတာပါပဲ။ ဝယ်လိုအား မြင့်လာ တဲ့ ဧကကွက်တွေဆိုတော့ ဈေးကလည်း မြင့်လာတယ်လေ” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလခန့်မှ စတင်၍ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် မြေကွက်ကျယ် အိမ်၊ ခြံ၊ မြေ များကို အမေး များလာခဲ့ပြီး ပြည်ပ လုပ်ငန်းရှင်များလည်း စုံစမ်းမှုများ ရှိလာကြောင်း၊ မန္တလေး မြို့တွင်း၌ အိမ်၊ ခြံ၊ မြေ အကွက်ကျယ်များ ရနိုင်ရန် ရှားပါးလာ သဖြင့် မြို့တွင်းနှင့် မနီးမဝေး နေရာများ၊ မြို့ပြင်ရှိ ဧကကွက်များကို ပိုမို စိတ်ဝင်စားမှု များလာကြောင်း မန္တလေးမြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တူညီစွာ ပြောကြားသည်။

မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးပေါ် အမရပူရမြို့နယ် စွယ်တော်ဘုရား အနီး လယ် တစ်ဧကလျှင် ကျပ် သိန်း ၂၀၀၀ ခန့်၊ မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးပေါ် ထုံးဘိုလမ်းခွဲအနီး လယ် တစ်ဧကလျှင် ကျပ် သိန်း ၂၀၀၀ ခန့်၊ မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးပေါ် တောတွင်းကျေးရွာ စိတ္တဇ ဆေးရုံကြီး အနီး လယ်ယာမြေများမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၁၅၀ အထိ ဈေးပေါက်ကြောင်း မန္တလေးမြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

မန္တလေး-ပြင်ဦးလွင် အတက်လမ်းနှင့် ပြင်ဦးလွင်မြို့အနီး လယ်ယာမြေများ မှာ ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ အထိ ပေါက်ဈေးရှိပြီး ရတနာပုံ ဆိုက်ဘာ စီးတီး အနီးရှိ လယ်ယာမြေများမှာ ကျပ်သိန်း ၃၀၀ ခန့် အထိ ပေါက်ဈေး ရှိကြောင်း ပြင်ဦးလွင်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ဆိုသည်။

The Voice Weekly