Home » » အီရတ်တွင် အကျဉ်းသားများကို စစ်ဆင်ရေးအသွင်ဖြင့် ကယ်ထုတ်သွား

အီရတ်တွင် အကျဉ်းသားများကို စစ်ဆင်ရေးအသွင်ဖြင့် ကယ်ထုတ်သွား

Written By Unknown on Tuesday, July 23, 2013 | 4:33 PM

အီရတ်နိုင်ငံတွင် အကျဉ်းထောင်တစ်ခုမှ လွတ်မြောက်သွားသော အယ်လ်ကေးဒါး စစ်သွေးကြွများ အပါအဝင် ရာနှင့်ချီသော ရာဇဝတ်သားများကို အသည်းအသန် လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေရကြောင်း သိရှိရသည်။ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့မှ ထိပ်တန်းအဆင့် ခေါင်းဆောင်များ အပါအဝင် အကျဉ်းသား (၅၀၀)မှ (၁၀၀၀)ကြား အရေအတွက်မျှသည် အဘူဂါရိတ်ဘ် အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့ကြောင်း အာဏာပိုင်များက ဝန်ခံ ပြောကြားခဲ့သည်။ ပြင်ပမှ စစ်ဆင်ရေး တစ်ခုသဖွယ် ချဉ်းကပ်လာပြီး အကျဉ်းထောင်ကို တိုက်ခိုက်ကာ ၎င်းတို့အား ကယ်ထုတ်သွားခြင်းဖြစ်ကြောင်း အီရတ် အာဏာပိုင်များက ဆိုသည်။

လွတ်မြောက်သွားသူများအနက် သေဒဏ် ချခံထားရသည့် အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင်အချို့ ပါဝင်ကြောင်း အီရတ်၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကော်မတီမှ ထိပ်တန်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ဟာကင်မ် ဇာမီလီက အတည်ပြုခဲ့သည်။ တနင်္ဂနွေနေ့ည တိုက်ခိုက်မှုတွင် အသေခံ ဗုံးခွဲသမားများသည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ကားများကို အကျဉ်းထောင် ဂိတ်တံခါးများထံ ဦးတည်ကာ ဝင်တိုက်ခဲ့ကြသည်။ ဘဂ္ဂဒက် မြို့ပြင်နားရှိ အကျဉ်းထောင်တွင် အစောင့်တပ်ဖွဲ့များ ရုတ်တရက် အငိုက်မိသွားချိန်၌ သေနတ်သမားများက ထောင်ကို ဝင်ရောက် စီးနင်းကြခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် လက်နက်ကိုင် ကျူးကျော်သူများသည် RPGလောင်ချာများ၊ မော်တာများကိုပါ အသုံးပြုခဲ့ကြောင်း အကျဉ်းထောင် အာဏာပိုင် အချို့က ပြောကြားခဲ့သည်။ ယခုစစ်ဆင်ရေးတွင် စစ်သွေးကြွများသည် စနစ်တကျ ကြိုတင်စီစဉ်ထားပြီး အချို့က အကျဉ်းထောင်ကို ဆက်သွယ်သည့် ပင်မလမ်းကြောကြီးကို ထိန်းချုပ်ထားလိုက်သည်။ ထို့ကြောင့် ဘဂ္ဂဒက်မှတစ်ဆင့် စေလွှတ်လိုက်သော လုံခြုံရေးတပ်ဖွဲ့ စစ်ကူများသည် အကျဉ်းထောင်နား မချဉ်းကပ်နိုင်တော့ချေ။ အသေခံ ဖောက်ခွဲရေး ကိရိယာများ ရင်ဘတ်တွင် တပ်ဆင်ထားသည့် စစ်သွေးကြွများက အကျဉ်းထောင်ထဲ ဝင်လာကာ ထောင်သားများကို လွတ်မြောက်အောင် ကူညီခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် ထောင်စောင့် ရဲတပ်ဖွဲ့ဝင် (၁၀)ဦးနှင့် စစ်သွေးကြွ (၄)ဦး အနည်းဆုံး သေဆုံးခဲ့သည်။ တိုက်ပွဲသည် တနင်္လာနေ့ နံနက်ပိုင်းထိ ရှည်ကြာခဲ့ပြီး ထို့နောက်တွင် စစ်ဘက် ရဟတ်ယာဉ်များပါ ပါဝင်လာမှ ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် အဘူဂါရိတ်ဘ်မှ အကျဉ်းသားပေါင်း မြောက်မြားစွာ လွတ်မြောက်သွားပြီ ဖြစ်သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အကျဉ်းသား အချို့ကို လက်ရ ပြန်ဖမ်းနိုင်ခဲ့သော်လည်း အများစုကို မျက်ခြေပြတ်နေကြောင်း ဇာမီလီက ဆိုသည်။ "ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုပါ။ အယ်လ်ကေးဒါးတွေဟာ သူတို့နဲ့ ဆက်နွယ်တဲ့ အကျဉ်းသားတွေကို လွတ်မြောက်စေဖို့ ဒီတိုက်ခိုက်မှုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်"ဟု အခြား လုံခြုံရေး ထိပ်တန်း တာဝန်ခံ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျီဟတ်ဝါဒီ ဝက်ဘ်ဆိုက်များတွင် ဖော်ပြနေမှုအရ အစိုးရ ကြေညာသလို အကျဉ်းသားများ လွတ်မြောက်မှုသည် (၅၀၀)ဝန်းကျင် မဟုတ်ဘဲ ထောင်နှင့်ချီ များပြားကြောင်း AFPက ကိုးကား ရေးသားခဲ့သည်။ အဘူဂါရိတ်ဘ်သည် အကျဉ်းသား (၁၅၀၀၀)ခန့်မျှ ဝင်ဆံ့သည့် ဧရာမ ထောင်ကြီးဖြစ်သည်။ လွန်ခဲ့သည့် (၁၀)နှစ်ခန့်က အဆိုပါ ထောင်ထဲတွင် အကျဉ်းသားများကို ရက်စက်သော နည်းလမ်းများဖြင့် အမေရိကန် စစ်သားများက ဆက်ဆံနေကြောင်း သတင်းမှတ်တမ်း ဓာတ်ပုံများ ပေါ်ထွက်ခဲ့ပြီးနောက် ထောင်ကြီးမှာ နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားလာသည်။ ဘဂ္ဂဒက် မြောက်ပိုင်းရှိ တာ့ဂ်ျမှ အကျဉ်းထောင် တစ်ခုတွင်လည်း အယ်လ်ကေးဒါးတို့က အလားတူ စီးနင်း တိုက်ခိုက်ဖူးသော်လည်း အာဏာပိုင်များက အခြေအနေကို လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင်မူ လုံခြုံရေးတပ်ဖွဲ့ဝင် (၁၆)ဦးနှင့် စစ်သွေးကြွ (၆)ဦး သေဆုံးခဲ့သည်။ အယ်လ်ကေးဒါးတို့၏ အီရတ်ဌာနခွဲက မိမိတို့သည် နိုင်ငံ၏ တရားရေးစနစ်ကို အဓိက ဦးတည် တိုက်ခိုက်မည်ဟု (၂၀၁၂)ခုနှစ်က ခြိမ်းခြောက် ကြေညာဖူးသည်။ "ပထမဆုံး ရည်မှန်းချက်က မွတ်ဆလင် အကျဉ်းသားတွေကို နေရာတိုင်းမှာ လွှတ်ပေးလိုက်ဖို့ပဲ။ ပြီးရင်တော့ တရားသူကြီးတွေ၊ စုံထောက်တွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေ အားလုံးကို လိုက်ရှာမယ်၊ သုတ်သင်ပစ်မယ်"ဟု အီရတ်ဆိုင်ရာ အယ်လ်ကေးဒါးခေါင်းဆောင် အဘူဘာကာအယ်လ် ဘဂ္ဂဒက်ဒီက အသံဖိုင်တစ်ခုဖြင့် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက ရာဇသံ ပေးပို့ခဲ့သည်။

အီရတ်တွင် အယ်လ်ကေးဒါးတို့ အပါအဝင် ဆွန်နီမွတ်ဆလင် သူပုန်အဖွဲ့များသည် ရှီးယိုက်မွတ်ဆလင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို မကြာခဏ ဦးတည် တိုက်ခိုက်လေ့ ရှိသည်။ ယခုအကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အီရတ်တွင် အမေရိကန် အုပ်စိုးမှုအလွန် ကာလ၌ မငြိမ်သက်မှုများ တစ်ကျော့ပြန် ပေါက်ကွဲ ဆိုးရွားလာမည်ကို စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Planet Myanmar Network