Home » » ဂျပန်ဖူကူရှီးမား အနုမြူ ဓာတ်ပေါင်းဖိုက ရေဒီယိုဓါတ်ကြွမှု ယိုစိမ့်

ဂျပန်ဖူကူရှီးမား အနုမြူ ဓာတ်ပေါင်းဖိုက ရေဒီယိုဓါတ်ကြွမှု ယိုစိမ့်

Written By Unknown on Wednesday, July 24, 2013 | 12:29 AM

ငလျင် ဒဏ်ခံခဲ့ရတဲ့ ဂျပန် နိုင်ငံ ဖူကူရှီးမား အနုမြူ ဓာတ်ပေါင်းဖိုက ရေနွေးငွေ့ ယိုစိမ့်ထွက်နေမှုနဲ့ ရေဒီယို ဓါတ်ကြွရေတွေ ပင်လယ်ထဲ ယိုစိမ့်နေမှုကို အလုပ်သမားတွေက အပူတပြင်း ကိုင်တွယ် ဖြေရှင်း နေကြတယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။

ဓါတ်ပေါင်းဖို အမှတ် ၃ ရဲ့ ငါးထပ်ကနေ ရေနွေးငွေ့ ယိုစိမ့်မှုကြောင့် ဓါတ်ပေါင်းဖိုနဲ့ အနုမြူလောင်စာတွေပေါ် ရေအေးတွေ လောင်းချပြီး ဖြေရှင်းနေကြရပါတယ်။

ရေနွေးငွေ့တွေ အခုလို ထွက်လာတာဟာ ဓါတ်ပေါင်းဖို တနေရာရာမှာ ရေတွေ ဆူပွက်နေလို့ ဖြစ်မယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။ သာမန်အားဖြင့်ဆိုရင် ဓါတ်ပေါင်းဖိုထဲက ရေဟာ ရေဆူမှတ်ကို ရောက်လေ့မရှိပါဘူး။

ဇူလိုင်လ ၁၈ ရက်နေ့က ရေနွေးငွေ့တွေ ပန်းထွက်လာတာကို မြင်တွေ့ခဲ့ကြရပါတယ်။

၂၀၁၁ ခုနှစ် ဆူနာမီ လှိုင်းကြီးတွေ ဖြစ်ခဲ့တဲ့ ဂျပန်ငလျင်ကြောင့် ဒီဓါတ်ပေါင်းဖိုကို အအေးပေးတဲ့ စနစ်တွေ ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ဓါတ်ပေါင်းဖိုကနေ အန္တရာယ်ကြီးတဲ့ ရေဒီယို ဓါတ်ကြွရေတွေ ပင်လယ်ထဲ စီးဝင်နေပုံရတယ်လို့ Tokyo Electric Power Company (Tepco)က ပြောခဲ့ပါတယ်။

ပထမတော့ ဒီလို ရေဒီယိုဓါတ်ကြွရေ တွေ ပင်လယ်ထဲစီးဝင်နေတယ်ဆိုတာကို သူတို့က ငြင်းနေခဲ့တာပါ။

ဒေသတဝိုက် ပင်လယ်က ဖမ်းဆီးမိတဲ့ ငါးတွေမှာ ရေဒီယို ဓါတ်ကြွမှုရှိနေတာကို တွေ့ကြတာကြောင့် ဒီလိုယိုစိမ့်မှု ရှိလိမ့်မယ်ဆိုပြီး သံသယရှိနေခဲ့တာ အတော်လေး ကြာနေပါပြီ။

ဒီအတွက် ဒေသခံ လူထုကြားမှာ ပိုပြီးစိုးရိမ်စရာ ဖြစ်နေပါတယ်။ ကုမ္ပဏီကတော့ ဒါကို တောင်းပန်ခဲ့ပါတယ်။

ကုန်သွယ်ရေး စီးပွားရေးနဲ့စက်မှုဝန်ကြီးဌာနက ဒီလို ယိုစိမ့်မှုကို အမြန်ဆုံး အရေးယူ ဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်။

ဒီဓါတ်ပေါင်းဖို ပြသနာကို ဖြေရှင်းနိုင်ဖို့ နှစ်နဲ့ ချီ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)