ရန်ကုန်၊ ဇူလိုင် ၉
၉.၇.၂၀၁၃ ရက်နေ့ ၁၁း၁၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော တရုတ်နိုင်ငံပိုင် ကုန်တင်သင်္ဘော MV AN XIN JIANG တွင် မြန်မာနိုင်ငံသား ကုန်တင် ကုန်ချကြီးကြပ်သူ ဦးမောင်မြင့်၊(ဘ)ဦးမောင်မောင်၊ (၅)ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ် နေသူသည် ကုန်တင်ကုန်ချ ပြုလုပ်ရန် အတွက် ၁၅ ပေခန့် အမြင့်ရှိ နံရံကပ်သံလှေခါးဖြင့် သင်္ဘော ၀မ်းဗိုက်ထဲသို့ ဆင်းစဉ် ခြေချော်၍ ပြုတ်ကျ သေဆုံး သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
အဆိုပါ ဖြစ်စဉ်အား ဆိပ်ကမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်း ဖြစ်နေရာသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သင်္ဘော ၀မ်းဗိုက်အတွင်း လှေခါး အောက်ခြေရင်း၌ ဦးခေါင်းဝဲဘက်ချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာ (၁)ချက်ဖြင့် သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိ ရသောကြောင့် ရုပ်အလောင်းအား ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ထားရှိပြီး ဆိပ်ကမ်းမြို့မရဲစခန်း
သေမှုသေခင်း အမှတ်စဉ်(၂၈/၂၀၁၃)ဖြင့် ရေးဖွင့်ကာ သေဆုံးရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။