Home » » အမှိုက်ကန်များတွင် ပုလင်းခွံ ၊ဗူးခွံ နှင့် ရောင်းချ၍ ရသော ပစ္စည်းများ ရှာဖွေ သော စည်ပင်ဝန်ထမ်း များအား အလုပ်ဖြုတ်သည်အထိ အရေးယူနိုင် ဟု ဆို

အမှိုက်ကန်များတွင် ပုလင်းခွံ ၊ဗူးခွံ နှင့် ရောင်းချ၍ ရသော ပစ္စည်းများ ရှာဖွေ သော စည်ပင်ဝန်ထမ်း များအား အလုပ်ဖြုတ်သည်အထိ အရေးယူနိုင် ဟု ဆို

Written By Unknown on Wednesday, July 31, 2013 | 7:57 PM

ရန်ကုန် ၊ဇူလိုင် ၃၁

အမှိုက်ကန်နှင့် အမှိုက်ကားများ အတွင်းမှ ပြန်လည် ရောင်းချနိုင်သော ပစ္စည်းများကို သန့်ရှင်းရေး ၀န်ထမ်းများ ရှာဖွေခွင့် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှူး ဦးသန်းလွှင်ဦးက ပြောသည်။

သန့်ရှင်းရေး ၀န်ထမ်းများ၏ အသက် မွေးဝမ်းကြောင်း အလုပ် မှာ သန့်ရှင်းရေး ဆောင်ရွက်ရန်သာ ဖြစ်ပြီး ယင်းကဲ့သို့ အမှိုက်ပုံးများ အတွင်းမှ ပြန်ရောင်းချ၍ ရသော ပုလင်းခွံ၊ ဗူးခွံ များ ရှာဖွေမှု ပြုလုပ်ပါက လုပ်ငန်းခွင်အတွင်း အချိန်ကုန်ခြင်း ၊ စနစ်တကျ စွန့်ပစ်ထားမှု များ ရှုပ်ပွသွားခြင်း များ ဖြစ်သောကြောင့် ရှာဖွေမှု မပြုရန် စည်းကမ်း ချမှတ်ထားပြီး ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ပါက ၀န်ထမ်းအဖြစ်မှ တာဝန်ရပ်စဲသည် အထိ အရေးယူနိုင်ကြောင်း အထက်ပါ ဌာနမှူးက ဆိုသည်။

" နောက်ဆုံးစွန့်ပစ် အမှိုက်ပုံရောက်မှ တပ်ခွဲမှူးတွေက တဆင့် သက်ဆိုင်ရာ မြို့နယ်က အမှိုက်ကား လာရင် ၀န်ထမ်း သုံးလေးယောက် လောက်နဲ့ ပြန်ရွေးပြီး ရောင်းရတဲ့ ငွေကို ရှိတဲ့ ၀န်ထမ်းဦးရေနဲ့ မျှပြီးယူဖို့ စီမံပေးထားတယ်" ဟု ၄င်းက စည်းကမ်းချက်များနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်စည်ပင်တွင် သန့်ရှင်းရေးဝန်ထမ်း ၃၃၀၀ ဦး ရှိပြီး နေ့ပိုင်းတွင် ၂၀၀၀ ကျော် က တာဝန်ယူပြီး ညပိုင်းတွင် ၁၀၀၀ ကျော်က သန့်ရှင်းရေး တာဝန် လုပ်ကိုင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝေမာထွန်း
Popular Myanmar News Journal