Home » » ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုင်းဘုတ် ၅၀ ကျော် စိုက်ထူမည်

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုင်းဘုတ် ၅၀ ကျော် စိုက်ထူမည်

Written By Unknown on Wednesday, July 10, 2013 | 7:09 AM

ပုသိမ်၊ ဇူလိုင် ၈

လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ကာကွယ်ရန် ရည်ရွယ်၍ ပုသိမ်မြို့ပေါ် အပါအဝင် အနီးဝန်းကျင် ကျေးရွာများတွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ဆိုင်းဘုတ် ၅၀ ကျော် စိုက်ထူ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (ပုသိမ်ဒေသဇုန်) တာဝန်ခံ ဦးသက်လွင်က ပြောကြားသည်။

အဆိုပါ ဆိုင်းဘုတ်များ စိုက်ထူရန်အတွက် ဧပြီလအတွင်းက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်နှင့် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ရာ ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ စိုက်ထူနေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးဆောင်၍ ပုသိမ်မြို့ရှိ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂနှင့် အမျိုးသားဒီမိုကရေစီ ကွန်ရက်အဖွဲ့ တာဝန်ရှိသူများက ဇူလိုင်လ ၇ ရက်နေ့တွင် ပုသိမ်မြို့ ကျောက်ငူရပ်ကမ်းနားလမ်းရှိ အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်းရှေ့တွင် လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုင်းဘုတ်ကို ပထမဆုံးအကြိမ် စိုက်ထူခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ ကွန်ရက်မှ ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ကို ဒေသအလိုက် ပုသိမ်ဒေသဇုန်၊ ဘိုကလေးဒေသဇုန်နှင့် ဟင်္သာတဒေသဇုန်ဟု ခွဲခြားသတ်မှတ်၍ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

The Voice Weekly