Home » » ဘင်္ဂါလီစာရင်းကောက်မှု နှောင့်ယှက်သည်ဟု သံသယရှိသူတစ်ဦးကို ရဲဖမ်း

ဘင်္ဂါလီစာရင်းကောက်မှု နှောင့်ယှက်သည်ဟု သံသယရှိသူတစ်ဦးကို ရဲဖမ်း

Written By Unknown on Wednesday, July 17, 2013 | 3:36 PM

ရခိုင်ပြည်နယ်တွင် အစိုးရ၏ အစီအစဉ်ဖြင့် ဘင်္ဂါလီဦးရေစာရင်းကောက်ခံသည်ကို နှောင့်ယှက်သူအဖြစ် သံသယရှိသူတစ်ဦးကို ရဲများကဖမ်းဆီးလိုက်ကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီဥက္ကဌ ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမည်မျှရှိသည်ကို အတိအကျသိရှိရန် “ဆွဲတင်စစ်” စနစ်ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိများ ခေါ်ဝေါ်သော မြေပုံဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်းစသည့်စနစ်ဖြင့် ကောက်ခံလျှက်ရှိရာ ဘင်္ဂါလီများက အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက်စုရုံးတောင်းဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများလုပ်ကြသဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။

ပြည်နယ်အစိုးရ၏ အဆိုအရ ယင်းလုပ်ငန်းကို မည်သည့်အချိန်တွင် ပြန်စနိုင်မည်ကိုပင် မခန့်မှန်းနိုင်သေးပေ။

ယင်းကဲ့သို့ ဆွဲတင်စစ်စနစ် မအောင်မြင်အောင် ပြုလုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိသဖြင့် ယခုဖမ်းဆီးလိုက်သူမှာ စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာနေ ဦးကျော်လှအောင်ဖြစ်သည်ဟု ပြည်နယ် အစိုးရက အတည်ပြုထားသည်။

လက်ရှိတွင်သူ့ကို ရဲများက စစ်မေးနေပြီး ထိုသို့စစ်ဆေးနေခြင်းသည် “ဆွဲတင်စစ် ”ဆောင်ရွက်တုန်းက ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆသလို။ အစိုးရရဲ့ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးဆောင်ရွက်ချက်တွေမှာလည်း နှောက်ယှက်ဟန့်တားမှုတွေနဲ့ ပတ်သက်နေတယ်လို့ ယူဆရတဲ့ အတွက်ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေး ကော်မတီဥက္ကဌဖြစ်သည့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကဆိုသည်။

ဦးကျော်လှအောင်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဇွန်လကလည်း လူအုပ်စုနှစ်ခုကြား မုန်းတီးစိတ်ဖြစ်စေရန် အားပေးမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု၊ ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေမှုတို့ဖြင့် တရားစွဲခံရပြီး တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် သုံးလအကြာတွင် အစိုးရကလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ဖူးသူ ဖြစ်သည်။

ယခုကိစ္စတွင် ဦးကျော်လှအောင်သည် ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုခံရနိုင်ချေရှိပြီး ယင်းပုဒ်မများမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၈ လက်နက်ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ပုဒ်မ ၃၃၂ ၀န်ထမ်းကို ၀တ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၃၃၃ တာဝန်ထမ်းနေသည့် ၀န်ထမ်းကိုနာကျင်စေမှု၊ ပုဒ်မ ၃၉၅ ဓားပြမှု၊ ပုဒ်မ ၅၀၆ ရာဇ ၀တ်မကင်းသော ခြောက်လှန့်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုတို့ဖြစ်ကြောင်း ဦးလှသိန်း ကပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဦးကျော်လှအောင်နေထိုင်ရာ စစ်တွေမြို့နယ်သက္ကေပြင်ရွာတွင် ဘင်္ဂါလီလူဦး ရေစာရင်းကောက်ခံနေစဉ် အစိုးရအရာရှိများနှင့် ဘင်္ဂါလီများအကြား ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ထိုကိစ္စနှင့် ပတ်သက်၍ ရဲများကသံသယရှိသူ ခုနစ်ဦးကို ဖမ်းထားခဲ့သည်။

ယင်းအမှုကို စစ်တွေအမှတ်-၁ ရဲစခန်းက အမှုအမှတ်(ပ) ၉၉/၂၀၁၃ ဖြင့်အမှုဖွင့်ထားပြီး ၎င်းတို့ကိုလည်း ဦးကျော်လှအောင်ကို ဆွဲဆိုသည့် ပုဒ်မများဖြင့်ပင် တရားစွဲဆိုမည်ဟုလည်း ပြည်နယ်အစိုးရထံမှသိရ သည်။

သိန်းလှိုင်
Mizzima - News in Burmese