Home » » တိုင်းရင်းသားလက်နက်ကိုင် နှစ်ရှည်အကျဉ်းသားများ ပြန်လွတ်

တိုင်းရင်းသားလက်နက်ကိုင် နှစ်ရှည်အကျဉ်းသားများ ပြန်လွတ်

Written By Unknown on Tuesday, July 23, 2013 | 8:37 PM

အစိုးရက ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အထဲမှာ တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က တပ်ဖွဲ့ဝင်တွေ အများဆုံးပါဝင်ပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ ရန်ကုန်နဲ့ နယ်ထောင်တွေကနေ ပြန်လွှတ်ပေးလိုက်တဲ့ သူတွေဟာ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက တပ်ဖွဲ့ဝင်တွေ အများစု ဖြစ်ပါတယ်။

ဒီလွတ်မြောက်မှုဟာ သမ္မတ ဦးသိန်းစိန်က ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ဒီနှစ်ကုန်မတိုင်ခင် နိုင်ငံရေးအကျဉ်းသားအကုန်လွှတ်ပေးမယ်လို့ ကတိပြုအပြီး ရက်ပိုင်းအတွင်း အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ လွတ်တဲ့  ၈ ဦးဟာ ရှမ်းနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေက ဖြစ်ပါတယ်။

ဒီဗွီဘီက မေးမြန်းချက်တွေအရ အက်စ်အက်စ်အေတပ်မှူး ဗိုလ်မှူးကြီးခွန်ကျော်အဖွဲ့က ၃၂ ဦး ကျခံနေရတဲ့အထဲက တသက်တကျွန်းသမားတွေ သာယာဝတီထောင်နဲ့ အိုးဘိုထောင်က ပြန်လွတ်ပါတယ်။

ထောင်ဒဏ်တသက်တကျွန်းကျနေကြတဲ့ ရှမ်းပြည်နယ် အမျိုးသားတပ်မတော်က တပ်ဖွဲ့ဝင် အိုက်မွန်း၊ အာရ်စီအက်စ်အက်စ်က ဟိန်းဇော်၊ လှမြင့်၊ အိုက်တိ၊ စိုင်းအွန် နဲ့ ထောင်ဒဏ် ၄၂ နှစ်ကျခံရတဲ့ အိုက်ညွန့်တို့ ပြန်လွတ်လာပါတယ်။

ထောင် ၆ နှစ်ကျနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တပ်ဖွဲ့ဝင် တပ်ရင်း ၉ က ဇော်တွဲနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံရတဲ့ တပ်ရင်း (၈) က မောင်ကျော်တို့ ပြန်လွတ်လာပါတယ်။

တသက်တကျွန်းကနေ လွတ်လာတဲ့ စိုင်းအွန်က “ပြောမယ်ဆိုရင်တော့ အင်မတန်မှ ၀မ်းသာပါတယ်။ မထင်မှတ်တဲ့ဟာတွေ ဘာမှလည်း ကြိုတင်မသိရဘူး၊ ရုတ်တရက်ကြီးဆိုတော့ ပျော်တာပေါ့” လို့ ပြောပါတယ်။

သာယာဝတီထောင်ကနေ လွတ်တဲ့ ဦးမြသောင်း၊ ဦးသန်းမောင်၊ စိုင်းကျိန်း၊ စိုင်းပန်၊ ဦးတင့်နိုင်၊ ထက်ပိုင်တို့ဟာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက ထောင်ဒဏ်တသက် ကျခံနေသူတွေဖြစ်ပြီး တခြားသူ ၂ ဦးကတော့  ဦးသန်းစိန်ဦးနဲ့ ဒေါ်ခင်ရီ တို့ ဖြစ်ပါတယ်။

ဦးမြသောင်းက “ကျနော် အပါအ၀င် အခု ၆ ယောက်။ သာယာဝတီထောင်မှာ ဦးသံချောင်း တယောက်ပဲ ကျန်တယ်” လို့ ပြောပါတယ်။မော်လမြိုင်ထောင်ကလည်း နိုင်ငံရေးအကျဉ်းသား ၁ ဦး လွတ်တယ်လို့ နယ်မြေခံတယောက်က ပြောပါတယ်။ဒီလို ပြန်လွတ်မယ့်စာရင်းဟာ ၇၂ ဦးရှိတယ်ဆိုတာ သိထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။လွတ်မြောက်မှုတွေအပေါ် ဦးစိုင်းညွန့်လွင်က မြန်မာနိုင်ငံရေးဖြစ်စဉ်အဆင့်တဆင့်အတွက် ခြေလှမ်းအဖြစ် မြင်တယ်လို့ ပြောပါတယ်။

“အက်စ်အန်အယ်လ်ဒီကတော့ ထောက်ခံပါတယ်။ ဒီလိုဖြစ်အောင်လည်း ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပေးနေတာပဲလေ။ ဒီလိုမျိုး ဖြစ်တယ်ဆိုတာ ကောင်းတယ်။ အပစ်အခတ်ရပ်စဲရေးတွေ ကေအိုင်အေနဲ့ ပိုပြီးတော့ နီးစပ်လာမယ်၊ ပိုပြီး ပေါ်လာတော့မှာပေါ့။ တကယ်လို့ ပေါ်လာခဲ့လို့ရှိရင် တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တာပဲ ဖြစ်ဖြစ်၊ အစိုးရ ကြိုးစားနေတာလည်း နီးစပ်လာပြီလို့ ထင်တယ်။”

သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်မှာတော့ အကျဉ်းသား ၇၃ ဦး ပြန်လွှတ်ပေးကြောင်း ဖော်ပြထားပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ရည်ရွယ်ချက်ကို အခုလို ရှင်းပြပါတယ်။

“နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အကျဉ်းထောင်ထဲကို ရောက်နေတဲ့ လူတွေကို ပြန်လည် စေလွှတ်ပေးတယ် ဆိုတာကိုက ကျနော်တို့ လုပ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ အဖွဲ့အစည်းအားလုံး၊ လူအားလုံး ပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးတာဆိုတော့ ဘယ်အဖွဲ့အစည်းက လူတွေ ဖြစ်စေ လွှတ်ပေးလိုက်ခြင်းသည် ကျနော်တို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပိုပြီးတော့ အထောက်အကူဖြစ်စေတယ်၊ နိုင်ငံ ထူထောင်ရေးအတွက် လိုအပ်တဲ့ အင်အားတွေ ရစေတယ်လို့ ပြောချင်ပါတယ်။”

ပြန်လည်လွတ်ပေးတဲ့စာရင်းကို နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ပြည်ထဲရေးဝန်ကြီးဌာနကို တင်တာဖြစ်ပြီး သမ္မတက အတည်ပြုတာလို့ ရှင်းပြပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနား ထောင်ကနေ ၁၆ ဦး ပြန်လည်လွတ်မြောက်ရာမှာ ကေအိုင်အိုနဲ့ ဆက်နွှယ်ဖမ်းဆီးထားတဲ့ ဦဘရန်ရှောင်လည်း ပါဝင်ပါတယ်။

ဒီလို လွတ်မြောက်မှုအပေါ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရသူ စိုင်းလောဝ်ဆိုင်က ၀မ်းမြောက်ကြောင်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီဘီ) စာရင်းအရ ပြစ်ဒဏ်စီရင်ခံရသူ ၁၆၀ နီးပါး၊ တရားရင်ဆိုင်နေရသူ ၇၀ လောက်၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂၃၀ လောက်ရှိတယ်လို့ သိရပါတယ်။

 by ​အေး​နိုင်  - ဒီဗွီဘီ