Home » » သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်

သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်

Written By Unknown on Wednesday, July 24, 2013 | 4:57 PM

၁၃ နှစ်အရွယ်သာရှိသေးသည့် သူ့သမီးငယ်ကိုရည်းစားဖြစ်သူက အဓမ္မကျင့်သည်ဟုစွပ်စွဲကာ ဖခင်ဖြစ် သူက တိုင်ကြားမှုတစ်ခုကို အင်းစိန်ရဲစခန်းက ဇူလိုင် ၂၂ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

ဖခင်ဖြစ်သူသည် ထိုနေ့ညကအိမ်တွင် မအိပ်ဘဲမိသားစုပိုင် ကွမ်းယာဆိုင်တွင် အိပ်နေခဲ့ပြီး နံနက် ၃ နာရီ အချိန်ခန့်၌ မိသားစုဝင်တစ်ဦးက သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း ပြောသဖြင့် လိုက်လံရှာခဲ့ကြောင်း ရဲစခန်းကို အမှုဖွင့်စဉ်ထွက်ဆိုခဲ့သည်။

ထိုသို့လိုက်ရှာစဉ် နံနက် ၄ နာရီခန့်တွင် လမ်းကြားတစ်ခုအတွင်းမှ သမီးဖြစ်သူ ထွက်ပြေးလာသည်ကို တွေ့ရှိရသဖြင့် အိမ်သို့ခေါ်ဆောင်လာကာ မေးမြန်းခဲ့သည်ဟုလည်း တရားလိုက ရဲကိုထွက်ဆိုသည်။

သမီးဖြစ်သူက သူ့ရည်းစား အသက် ၁၉ နှစ် အရွယ်ကောင်လေးက သူငယ်ချင်း၏ နေအိမ်တွင် နှစ်ကြိမ်တိုင် သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ပြန်ပြောပြကြောင်း ရဲဌာနတွင် ထွက်ချက်ပေးသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူကို ရဲများက ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး တရားလို၏ တိုင်တန်းမှုကိုလည်း ရဲစခန်းက အမှုအမှတ် (ပ) ၇၉၆/၁၃ဖြင့် အမှုဖွင့်ထားသည်။

စွပ်စွဲခံရသည့် လူငယ်လေးကို တရားလိုက အသက်မပြည့်သေးသည့် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်သည်ဟု တိုင်တန်းသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၇၆ ဖြင့် တရားစွဲဆိုမည်ဟုလည်း ရဲဌာနကထုတ် ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese