Home » » အသစ်ခန့် နေ့စား လပေး ပညာရေး ဝန်ထမ်းစာရင်း ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

အသစ်ခန့် နေ့စား လပေး ပညာရေး ဝန်ထမ်းစာရင်း ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

Written By Unknown on Wednesday, July 24, 2013 | 3:11 PM

ရန်ကုန်၊ ဇူလိုင် ၂၃

ပညာရေး ဝန်ကြီးဌာနက ယခု ပညာသင်နှစ်တွင် စတင် ခန့်ထားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် နေ့စား လပေး ပညာရေး ဝန်ထမ်း စာရင်းကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် တရားဝင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက The Voice သို့ ပြောကြားသည်။

လျှောက်ထားသူများ နေထိုင်ရာ ဒေသနှင့် နီးစပ်ရာ မြို့နယ်များတွင် တာဝန် ထမ်းဆောင်ရန် မူလတန်းပြ ဆရာ၊ ဆရာမ အပါအဝင် အခြား နေ့စား လပေး ဝန်ထမ်း ငါးသောင်း နီးပါးကို ခန့်ထားပေးရန် ရှိကြောင်း ပညာရေး ဝန်ကြီး ဌာန ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဝန်ထမ်း ရွေးချယ်ရာတွင် အသုံးစရိတ် လိုအပ်ချက်ကြောင့် သုံးသောင်းကျော်သာ ခန့်ထားရန် စီစဉ်နေရာမှ ငါးသောင်းနီးပါးအထိ တိုးမြှင့်သောကြောင့် မေလတွင် ကြေညာမည့် အချိန်ကို နှစ်လ နီးပါး ရွှေ့ဆိုင်းခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“စာရင်းက မထွက်သေးဘူး။ ပြည်နယ် တစ်ခုလုံး လျှောက်ထားတာ က လေးထောင် ကျော်တယ်။ မူလတန်းပြ ဆရာ၊ ဆရာမက သုံးထောင်နီးပါး ရှိတယ်” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိ သူ တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး ပညာရေး ဝန်ထမ်း လိုအပ်ချက် နှစ်သိန်းကျော် ရှိသည့်အနက် ယခု ပညာသင်နှစ်တွင် ဝန်ထမ်း ဦးရေ ငါးသောင်း ခန့်ထားမည်ဖြစ်ကြောင်း၊ ကျန် ပညာသင်နှစ်များတွင်လည်း ဆက်တိုက်ခန့် ထားသွားရန် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ကတိပေး ပြောကြား ထားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မူလတန်းပြအဆင့် ဆရာ၊ ဆရာမဦးရေ တစ်သိန်း ရှစ်သောင်းခွဲကျော် ရှိပြီး လက်ရှိ အခြေခံပညာ ကျောင်းများတွင် ဆရာနှင့် ကျောင်းသား အချိုးသည် ၁း၃၀ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ထံမှ သိရသည်။

The Voice Weekly