Home » » ပုံနှိပ်ဥဒေကြမ်း အတည်ပြုလိုက်တဲ့လုပ်ရပ် သတင်းစာဆရာများအသင်း ကန့်ကွက်

ပုံနှိပ်ဥဒေကြမ်း အတည်ပြုလိုက်တဲ့လုပ်ရပ် သတင်းစာဆရာများအသင်း ကန့်ကွက်

Written By Unknown on Sunday, July 7, 2013 | 5:31 AM

ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ပုံနှိပ်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ကန့်ကွက်လိုက်ကြပါတယ်။

စာနယ်ဇင်းကောင်းစီ(ယာယီ)က တင်ပြထားတဲ့ အချက်တွေမပါဘဲ အဲဒီဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ကန့်ကွက်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းအဖွဲ့ဝင် ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက RFAကို ပြောပါတယ်။

"အဓိကအချက်ကတော့ဗျာ ကျနော်တို့ စာနယ်ဇင်း၊ မဂ္ဂဇင်းမီဒီယာ လောကသားတွေက ပြင်ဆင်မှုတွေပြုလုပ်ဖို့ စာနယ်ဇင်းကောင်စီကနေ ဖြုတ်ပယ်၊ ဖြည့်စွက်၊ ပြင်ဆင်မှုတွေ လုပ်ပေးပါဆိုပြီး တောင်းဆိုခဲ့ပါတယ်၊ အဲတောင်းဆိုချက်အတိုင်း စာနယ်ဇင်းကောင်စီကလည်း လုပ်ပေးပါတယ်၊ လုပ်ပေးပေမယ့် လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းမှာ စာနယ်ဇင်းကောင်စီကနေပြီးတော့ ပြင်ဆင်ဖြည့်စွက်တဲ့ဟာ အများစုမပါဝင်လာဘူး၊ အဲဒါကြောင့် စာနယ်ဇင်း သတင်းမီဒီယာသမားတွေ လက်ခံနိုင်မယ့်ဟာတွေ ပါမလာတဲ့အတွက်ကြောင့် ကျနော်တို့လည်း ဒီဥပေဒကို သဘောမတူသလို လက်လည်းမခံပါဘူးခင်ဗျ"

အသံလွှင့်မီဒီယာဥပဒေ၊ စာကြည့်တိုက် ဥပဒေမူကြမ်းတွေကိုပါ ပြန်ကြားရေးဝန်ကြီးဌာနကနေပဲ ရေးသားပြုစုပြီး အတည်ပြုတော့မယ်ဆိုတာမျိုး ပြောနေကြတာကြောင့်မြန်မာနိုင်ငံရဲ့ မီဒီယာလောကကို အစိုးရက ပြန်လည်ချုပ်ကိုင်ချင်နေတဲ့သဘောလို့ ယူဆရကြောင်းလည်း ဦးဖိုးနိုင်လင်းက သုံးသပ်ပြောပါတယ်။

မနက်ဖြန်မှာလည်း စာနယ်ဇင်းကောင်စီ(ယာယီ)က အဲဒီလို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်တာဝါမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပေမယ့် ဒီပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးရဦးမယ်လို့ သိရပါတယ်။

RFA Burmese