Home » » တပ်မတော်သား လွှတ်တော်အမတ်များကို လွှတ်တော်ဥက္ကဋ္ဌ သတိပေး

တပ်မတော်သား လွှတ်တော်အမတ်များကို လွှတ်တော်ဥက္ကဋ္ဌ သတိပေး

Written By Unknown on Wednesday, July 3, 2013 | 5:59 AM

လွှတ်တော်တွင်း ဥပဒေကြမ်းတစ်ခုကို အတည်ပြုဆွေးနွေးရာတွင် သဘောတူပါက တူကြောင်းဖြေကြားရန် လိုအပ်ပြီး ထိုသို့ဖြေကြားခြင်းမရှိပါက လွှတ်တော်ပြင်ပသို့ထွက်ရန် အမိန့်ချနိုင်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ရည်ညွှန်း၍ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇွန်လ ၂ ရက်တွင် သတိပေးပြောဆို လိုက်သည်။

ဆက်သွယ်ရေးဥပဒေကြမ်း၏ အခန်း ၃၊ အပိုဒ် ၅ ကို ဖတ်ကြားပြီးချိန်တွင် သဘောတူညီ၊ မတူညီ မေးမြန်း သည့် ငါးကြိမ်မြောက် မေးခွန်းအပြီး ''တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူရင်တူ တယ် ပြောပါ'' ဟု သတိပေးခဲ့သည်။

အပိုဒ် ၈၉ ပိုဒ် ပါရှိသည့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီဖတ်၍ ကိုယ်စားလှယ်များ၏ သဘောာထားရယူအပြီးနောက် ထပ်မံ၍ အကျယ်တဝင့်ဖြည့်စွက်ပြောဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းသည့်အခါ ဖြေကြား ရန်တာဝန်ရှိပြီး သဘောထားများ ဖြေကြား ရန် အကြိမ်ကြိမ်သတိပေးခဲ့သည်ဟုလည်း ဦးခင်အောင်မြင့်က ဆိုသည်။

''တီဗွီမှတ်တမ်းတွေလည်း ရှိတဲ့အတွက် ဘယ်သူဖြေတယ်၊ ဘယ်သူမဖြေဘူးဆိုတာ သိပါတယ်။ ဒါကြောင့် အကြိမ်ကြိမ်သတိ ပေးခဲ့တာဖြစ်တဲ့အတွက် နောက်နောင်ကို သဘောတူ၊ မတူ ဖြေပါဆိုရင် အားလုံးဖြေရ မှာဖြစ်ပါတယ်''ဟု ပြောသည်။

ယင်းအပြင် အုပ်စုဖွဲ့ကာ တုံ့ပြန်မှုမပြု လုပ်ပါက ထိုအုပ်စုကို လွှတ်တော်၏ ဆွေးနွေးပွဲတွင် မပါဝင်ရန် အမိန့်ချဖြေရှင်းနိုင်သည်ဟု ဆိုသည်။

''ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီအတည်ပြု တဲ့အခါမှာ သဘောတူရင်တူကြောင်းပြောဖို့၊ သဘောမတူရင် မတူကြောင်းပြောဖို့ ဥက္ကဋ္ဌ က မေးတဲ့အခါ ဖြေဖို့တာဝန်ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ စောင်းပါးရိပ်ချည်နဲ့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီ။ ဒါဟာလည်း သိလို့ပါ။ အဲ့ဒီတော့ အုပ်စုလိုက်ဖြွဲ့ပီးတော့ ဘာမှမဖြေ ဘူးဆိုရင် ဥက္ကဋ္ဌက အဲဒီအုပ်စုတစ်ခုလုံးလုံး ဒီအစီအစဉ်မှာ လွှတ်တော်ပြင်ပထွက်စေ လို့ အမိန့်ချလို့ရတယ်'' ဟု ဦးခင်အောင်မြင့် က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းမှာ လွှတ်တော်အတွင်း နားထောင်ရုံနှင့် လေ့လာရုံသက်သက်သာရှိသည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။

ယင်းအပြင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း ဆွေးနွေးမှုများကို စိတ်ဝင်စားမှုမရှိဘဲဖြစ် နေသည်ဟုလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောသည်။

''သဘောတူပါသလားဆို တူတယ် မတူ ဘူးဆိုတာ ဖြေကြရတယ်။ အဲတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက မင်းသိတဲ့ အတိုင်းပဲ။ အကုန်လုံးက ဘာတွေမှန်းတော့ မသိဘူး။ သူတို့က အရေးတကြီး ကုန်းမှတ်နေကြတာ၊ သဘောတူပါတယ်လို့ပြောတဲ့ အသံက သူတို့ဘက်က သိပ်မထွက်ဘူးဖြစ် နေတယ်'' ဟု ပြောသည်။

မင်းမင်း
by Mizzima - News in Burmese