Home » » တိုင်းဒေသကြီး/ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလျက်ရှိ

တိုင်းဒေသကြီး/ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလျက်ရှိ

Written By Unknown on Wednesday, July 31, 2013 | 7:23 PM

နေပြည်တော်၊ ဇူလိုင် ၃၁

၂၉-၇-၂၀၁၃ ရက်နေ့တွင် သောင်းရင်းမြစ်ရေသည် မြ၀တီမြို့၏ စိုးရိမ်ရေမှတ် ၄၇၇ စင်တီမီတာမှ ရေအမှတ် ၈၈၃ စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေမှတ်၏ အထက် ၄၀၆ စင်တီမီတာကျော်လွန်ရောက်ရှိခဲ့သဖြင့် စုံစမ်းခဲ့ရာ ၂၈-၇-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ၁၀ မိုင်ခန့်အကွာ သောင်းရင်းမြစ်နှင့် ၁၄ ကီလိုမီတာအကွာရှိ ““ဟောင်ဖွိုင်”” ရေကာတာမှရေများ လျှံထွက်ခဲ့ကြောင်း သိရှိရသည်။ သောင်းရင်းမြစ်ရေလျှံထွက်လာမှုကြောင့် မြ၀တီမြို့ပေါ်ရှိ ရပ်ကွက်(၅)ခုအနက် အမှတ်(၁/၂/ ၃/၅)ရပ်ကွက်များတွင် ရေနစ်မြုပ်မှုများဖြစ်ပွား ခဲ့သဖြင့် လူဦးရေ ၄၈၈၅ ဦး ရေဘေးသင့်ပြီး ၎င်းတို့အား အမှတ်(၅)ရပ်ကွက်အတွင်းရှိ ရေပူကျေးရွာ တောရတောင်ပေါ်ကျောင်း ကယ်ဆယ်ရေးစခန်းပါ(၃)စခန်း၊ အမှတ်(၄)ရပ် ကွက်အတွင်းရှိ တောရ ကျောင်း ကယ်ဆယ်ရေးစခန်းပါ(၇)စခန်း၊ မယ်တော်သလေးကျေးရွာ တောင်ပေါ် ဘုန်းကြီးကျောင်းနှင့် သင်္ဃန်းညီနောင်ကျေးရွာ တောင်ပေါ်ကျောင်းကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေရာချထား ပေးခဲ့သည်။ ၎င်းအပြင် မြ၀တီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်၊ ဧရာဝတီဘဏ်နှင့် (၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်တို့တွင် ရေအနက်(၈)ပေခန့်၊ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရေအနက်(၈)ပေခန့်၊ အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်ရုံး၊ ခရိုင်ဆောက်လုပ်ရေးရုံး၊ ခရိုင်သစ်တောရုံး၊ အားကစားနှင့်ကာယပညာဦးစီးရုံး၊ မြို့နယ် ပညာရေးမှူးရုံး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တို့တွင် ရေအနက် (၆)ပေခန့်၊ မီးသတ်ရုံးတွင် ရေအနက်(၈)ပေခန့်၊ ပြည်သူ့ဆေးရုံကြီး ၀င်ပေါက်တွင် ရေအနက်(၄)ပေခန့်၊ အမှတ်(၅) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်တရားရုံး၊ ခရိုင်/မြို့နယ် ဥပဒေရုံး၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ဦးစီးဌာနရုံး၊ ခရိုင်စိုက်ပျိုးရေးရုံးနှင့်နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့တွင် ရေအနက်(၆)ပေခန့်၊ ခရိုင်ပြည်တွင်းအခွန်ဦးစီးဌာနရုံး၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးရုံး၊ မူးယစ်(အထူး)အဖွဲ့ရုံး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတို့တွင် ရေအနက်(၄)ပေခန့်၊ စုပေါင်းဝန်ထမ်းအိမ်ယာဝင်း၊ ခရိုင်တရားရုံးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူး)အဖွဲ့ရုံးတို့တွင် ရေအနက်(၁၀)ပေခန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း မိသားစုလိုင်းခန်းတွင် ရေအနက်(၂)ပေခန့် ၀င်ရောက်လျက်ရှိသည်။ ယင်းနေ့ ၀၉၀၀ အချိန်မှစ၍ ယခင် ရွှေ့ပြောင်းနေထိုင်စဉ်က ကျန်ရစ်ခဲ့သော မိသားစုများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စက်လှေ(၁၀)စီးစုဖွဲ့၍ စုစုပေါင်း လူဦးရေ(၇၀၀)ဦးခန့်အား ကယ်ဆယ်ခဲ့ပြီး စက်လှေဖြင့် ၀င်ရောက်၍ မရသည့်နေရာများသို့ ရေကူးကျွမ်းကျင်သူများမှ အသက်ကယ်ဘော (၁၀)ကွင်း/ကြိုးများဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၁၇၃၀ အချိန် မြ၀တီမြို့ပေါ်ရပ်ကွက်များအတွင်း သောင်းရင်းမြစ်ရေလျှံ၍ မြို့တွင်းသို့ မြစ်ရေများ ၀င်ရောက်လျက်ရှိရာ အာရှလမ်းမကြီးတစ်လျှောက် အနိမ့်ဆုံးနေရာ ချစ်ကြည်ရေးတံတား တွင်(၈)ပေခန့်၊ အမြင့်ဆုံးနေရာ ဆေးရုံဝင်ပေါက် ဆိုင်းဘုတ်ရှေ့တွင်(၃)ပေခန့်၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် အနိမ့်ဆုံးနေရာ ခရိုင်တရားရုံးတွင်(၁၀)ပေခန့်၊ အမြင့်ဆုံးနေရာ သံတံတားဂိတ်တွင် (၃)ပေခန့်နှင့် အမှတ်(၁/၂/၃)ရပ်ကွက်ဧရိယာအားလုံး ရေနစ်မြုပ်လျက်ရှိသည်။ အဆိုပါ မြစ်ရေကြီးမှု အခြေအနေများအား ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကင်းများချ၍ စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြ၀တီမြို့အား ၃၀-၇-၂၀၁၃ ရက်နေ့ ၁၆၄၀ အချိန်တွင် အရေးပေါ် အခြေအနေကြေညာထားကြောင်း သိရှိရသည်။

၂၉-၇-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မွန်ပြည်နယ်အတွင်း မိုးရေချိန် (၃.၂၃)လက်မ ရွာသွန်း၍ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်(၁၀၂၂)စင်တီမီတာကို ကျော်လွန်ပြီး (၁၀၃၁)စင်တီမီတာသို့ရောက်ရှိ၍ ဘီးလင်းမြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်၊ ဖိုးရာဇာရပ်ကွက်နှင့် ရွှေလှကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၈၄)စု၊ လူဦးရေ စုစုပေါင်း ၄၃၇ ဦးတို့အား ကယ်ဆယ်ရေးစခန်းများဖြစ်သည့် အောင်သိဒ်္ဓိဘုရားကုန်း၊ မြို့ဦးကျောင်း၊ လေသာကျောင်းတိုက်၊ ရွှေဘုံသာကျောင်းတိုက်၊ ကိုးန၀င်းကျောင်းတိုက်၊ မြို့နယ်ဆေးရုံ၊ ရွှေလှကျေးရွာဓမ်္မာရုံများသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ဘီးလင်းမြစ်ရေသည် (၁၀၉၇)စင်တီမီတာသို့ ကျော်လွန်ရောက်ရှိ၍ ၂၁၅၀ အချိန် ဘီးလင်းမြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်နှင့် ကန်သာရပ်ကွက်တို့မှ အိမ်ထောင်စု (၃၉၁)စု လူဦးရေ ၁၅၆၀ ဦးတို့အား ထပ်မံပြောင်းရွှေ့ပေးခဲ့သည်။

၃၀-၇-၂၀၁၃ ရက်နေ့ ၁၁၁၅ အချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မေတ္တာလမ်း၊ အကွက်အမှတ်(၄)ရှိ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်နေ ဒေါ်နိုင်နိုင်အေး(၄၄)နှစ်ပိုင် လူမနေသော အုတ်တံတိုင်းခတ်ထားသည့် အမြင့်(၆)ပေခန့်ရှိအုတ်တံတိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် မြေပျော့ကာ အလျား(၇၀)ပေခန့်ပြိုကျခဲ့သည်။ အုတ်တံတိုင်းပြိုကျမှုကြောင့် အုတ်တံတိုင်းဘေးတွင် ထင်းသယ်နေ သော ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်နေ ဦးစန်းမောင်(၇၀)နှစ်တွင် ယာဘက်ခါးနာကျင်ဒဏ်ရာ၊ ၀ဲ/ယာ ခြေသလုံးညိုမဲဒဏ်ရာနှင့် ဒေါ်အုန်းသွင်(၆၀)နှစ်တွင် ၀မ်းဗိုက် ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ ၁၃၁၅ အချိန်၌ ဒေါ်အုန်းသွင်မှာ ၀မ်းဗိုက်ပေါက်ပြဲဒဏ်ရာအားခွဲစိတ်ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် မုပွန်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၂၉-၇-၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ လုံးပတ် ၅ ပေ၊ အရှည် ၂၁ ပေ ကျော်ရှိ စိန်ပန်းပင်မှာ မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် အမြစ်မှကျွတ်ကာ ပြိုလဲကျသွားခဲ့သဖြင့် ကျောင်းသို့ အချိန်ပိုတက်ရန်လာသော အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းအုပ်စု၊ ကြံချောင်းလေး ကျေးရွာနေ န၀မတန်းကျောင်းသူ မထိုက်ထိုက်စိုး(၁၄)နှစ်တွင် ယာဘက်ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ကျောင်းလိုက်ပို့သူ မြောင်းမြမြို့၊ အမှတ်(၃)ရပ်ကွက်နေ အောင်မျိုးလွင်(၃၀)နှစ်တွင် ယာလက်မောင်းအောင့် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မထိုက်ထိုက်စိုးအား မြောင်းမြပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။ စိန်ပန်းပင်လဲပြိုမှုကြောင့် ဆက်သွယ်ရေးဖုန်းကြိုးများပေါ်သို့သစ်ကိုင်းများပိမိခဲ့သဖြင့် မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ လျှပ်စစ်ဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် ဆက်သွယ်ရေးဌာနမှဝန်ထမ်းများက စိန်ပန်းပင်အား ဖြတ်တောက်ရှင်းလင်း ခဲ့ရာ ၁၃၄၅ အချိန် ရှင်းလင်းဖယ်ရှားပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်