Home » » အိမ်ရာစီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများ ဇူလိုင် ၁၈ နောက်ဆုံးရွှေ့ရမည်

အိမ်ရာစီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများ ဇူလိုင် ၁၈ နောက်ဆုံးရွှေ့ရမည်

Written By Unknown on Sunday, July 7, 2013 | 2:20 PM

ရန်ကုန်၊ ဇူလိုင် ၆

တိုက်ခန်းများကို အရစ်ကျရောင်းချရန် စီစဉ်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာစီမံကိန်း နယ်မြေတွင် ကျူးကျော် နေထိုင်သူများကို ယာယီနေထိုင်ရန် သတ်မှတ်ပေး ထားသည့် နေရာသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် နောက်ဆုံးထား ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

စီမံကိန်းနယ်မြေတွင် ကျူးကျော် နေထိုင်သူ အိမ်ထောင်စုပေါင်း ၄၅၀၊ လူဦးရေ ၁၀၀၀ ကျော်ကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နှင့် (၁၃၈) ရပ်ကွက်ရှိ မြေကွက်များကို မဲနှိုက်ကာ ယာယီနေရာ ချထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့နှင့် ညှိနှိုင်းကာ ရွှေ့ပြောင်းပေးခြင်း ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

စီမံကိန်း ဧရိယာအတွင်း နေထိုင်သူများအတွက် ယာယီပြောင်းရွှေ့ပေးခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ကျောင်းနေအရွယ် ကလေးများအတွက် ကျောင်းပြောင်းရွှေ့ရန် အခက်အခဲကို အိုးအိမ်က ကူညီပေးမည်ဟု ကတိပြုခြင်း၊ ယာယီပြောင်းရွှေ့မည့် နေရာ၏ သွားလာမှု အခက်အခဲအတွက် လမ်းများ ပြုပြင်ပေးခြင်း၊ သောက်သုံးရေ အခက်အခဲအတွက် ရေတွင်း တူးပေးခြင်းတို့ကြောင့် လက်ရှိနေထိုင် သူများက သဘောတူကာ ရွှေ့ပြောင်းပေးခြင်း ဖြစ်ကြောင်း ကျူးကျော်နေထိုင်သူ ဦးဝင်းလှိုင်က ရှင်းပြသည်။

နောက်ဆုံး သတ်မှတ်ရက်တွင် အပြီးသတ် ပြောင်းရွှေ့ခြင်း မရှိပါက ဝန်ကြီးဌာနထံသို့ တင်ပြကာ ညွှန်ကြားချက်အတိုင်း ဆောင်ရွက် မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း (၆၁) နှင့် (၆၇) ရပ်ကွက်တို့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ဝင်ငွေနည်းသူများ အရစ်ကျ ဝယ်ယူနိုင်ရန် မြေဧက ၂၂၀ ကျော်၌ ၁၈ ထပ် အဆောက်အအုံ ၄၈ လုံး၊ အခန်းပေါင်း ၃၄,၂၇၂ ခန်းကို ကုမ္ပဏီပေါင်း၂၀ ကျော်ဖြင့် ဆောက်လုပ် မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly