Home » » ဒေါ်လာဈေး တက်လာ၍ ပြင်ပ ငွေလဲဈေးကွက် ခေါင်းထောင်လာနိုင်

ဒေါ်လာဈေး တက်လာ၍ ပြင်ပ ငွေလဲဈေးကွက် ခေါင်းထောင်လာနိုင်

Written By Unknown on Tuesday, July 2, 2013 | 9:32 AM

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ငွေလဲစင်တာ ပေါက်ဈေးများထက် ပြင်ပ ငွေလဲနှုန်းများ အဆမတန်မြင့်တက် ကွာဟမှုကြောင့် ပြင်ပငွေလဲဈေးကွက် ခေါင်းပြန်ထောင်လာနိုင်ကြောင်း ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ငွေကြေးဈေးကွက်ကို ကျွမ်းကျင်စွာ မထိန်းကျောင်းနိုင်ခြင်းကြောင့် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ဈေးကွက်ကျွမ်းကျင်စွာ ကိုယ်တွယ်နိုင်မှုကြောင့် ဈေးကစားမှု၊ ဈေးကွက် လှုပ်ရှားမှု ရှိလာပါက ဈေးကွက်ကို ထိန်းချုပ်ခြင်း၊ တုန့်ပြန်ခြင်းများ လျှင်မြန်မှု ရှိသည်ဟု ဆိုသည်။

“လက်တလော ဒေါ်လာဈေး တက်လာရခြင်းမှာ မလေးရှားမှာ အလုပ်သမားက တရားဝင် ၃ သိန်းလောက်နဲ့ တရားမဝင် ၂ သိန်းလောက်နဲ့ စုစုပေါင်း ၅ သိန်းလောက် ရှိနေတယ်။ အခု မလေး အလုပ်သမား အများစုက ပြန်ဝင်လာတော့ ပြည်ပက ဒေါ်လာပို့တာ နည်းတော့မယ်။ နည်းရင် ဈေးတက်နိုင်တယ်အထင်နဲ့ ဝယ်ကြတဲ့သူတွေလည်း ရှိနေတယ်။ နောက် စင်္ကာပူမှာ မီးခိုးတွေ ဖြစ်နေတော့ အလုပ်မလုပ်နိုင်ကြတဲ့သူတွေထဲမှာ မြန်မာတွေလည်း ပါနေတယ်။ အလုပ် မဆင်းရတဲ့အတွက် လစာမရတော့ ဒေါ်လာ မပို့နိုင်ဘဲ ရှိနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ကြောင့်လည်း ပါပါတယ်” ဟု ကမ္ဘောဇဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် က သုံးသပ်သည်။

အလားတူ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ ကလည်း “ကျောက်ပွဲမှာ ငွေချေဖို့အတွက် အပြင်ဈေးကွက်မှာ ဒေါ်လာတွေ လိုက်ဝယ်ကြတယ်။ ဖြစ်သင့်တာက ပြည်ပ ဘဏ်တွေကနေ ပြည်တွင်းကို တရားဝင် ငွေလွှဲပြီး ဝယ်ယူခွင့် ပြုမယ်ဆိုရင် ဒေါ်လာဈေးကွက် ပိုငြိမ်လာနိုင်ပါတယ်။ ဇွန် ၂၇ ရက်မှာ ကျောက်ပွဲတော့ ပြီးသွားပါပြီ။ ကျောက်မျက်ပြပွဲက ရတဲ့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြန်ရောက်လာရင် ဒေါ်လာဈေး ပြန်ကျလာနိုင်ပါတယ်” ဟု ခန့်မှန်းသည်။

ဇွန်လ ၂၈ ရက်နေ့တွင် တရားဝင် ငွေလဲစင်တာများတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၉၇၀-ကျပ်ဖြင့် ဝယ်၍ ၉၇၇ ကျပ်ဖြင့် ရောင်းခဲ့သော်လည်း ပြင်ပ ငွေလဲဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၀၀၄ ကျပ်သို့ အမြင့်ဆုံး တက်ခဲ့သည်။

“ဒေါ်လာဈေး တက်တာက ဗဟိုဘဏ်က ဆွဲတင်မှုတွေလည်း ရှိခဲ့ပါတယ်။ ပြင်ပပေါက်ဈေးတွေနဲ့ ငွေလဲစင်တာတွေရဲ့ ငွေလဲနှုန်း သိပ်ဟတာဟာ အကြောင်းရင်းတွေ များစွာရှိနေတဲ့ထဲက ဝယ်လိုအား ရှိနေတာလည်း ပါပါတယ်” ဟု ငွေကြေးဈေးကွက် ကျွမ်းကျင်သူတဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ်၊ ဧပြီလက စ၍ ဒေါ်လာဈေးနှုန်းအား နှုန်းရှင် အနေအထား ပြောင်းလဲပြီးနောက် ယခုလအတွင်း ဈေးနှုန်း အမြင့်ဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခင်မျိုးသွယ်

Mizzima - News in Burmese