Home » » သဲကုန်းတွင် လယ်ဧက တစ်သောင်းကျော် ရေမြုပ်

သဲကုန်းတွင် လယ်ဧက တစ်သောင်းကျော် ရေမြုပ်

Written By Unknown on Friday, July 12, 2013 | 4:32 PM

ပဲခူး၊ ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သဲကုန်းမြို့နယ်ရှိ အုတ်ဖို ကျေးရွာအုပ်စု၊ မင်းလှ ကျေးရွာအုပ်စုနှင့် ပေါက်ခြုံကြီး ကျေးရွာအုပ်စုတို့အတွင်းရှိ လယ်ဧက ၁၀,၀၀၀ ကျော် ရေနစ်မြုပ်မှုကြောင့် ပျိုးခင်းများ ပျက်စီး ဆုံးရှုံးရပြီး လယ်သမားများ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံ တောင်သူ များက The Voice သို့ ပြောကြားသည်။

၁၉၈၁ ခုနှစ်က ဆောက်လုပ်ခဲ့သော အင်းမဆည်သည် မိုးကာလ အချိန် များတွင် ဆည်ရေလျှံလေ့ရှိပြီး ဆည်မှ ရေလွှတ်သည့် အချိန်တွင် ယင်း အနီးတွင်ရှိသည့် ကျူးကျော် ငါးကန်များက အဓိက ရေလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် လယ်ယာမြေများ ရေနစ်မြုပ်ရခြင်းဖြစ်ကြောင်း အုတ်ဖိုကျေးရွာနေ ဦးဘိုလေးက ဆိုသည်။

သဲကုန်းမြို့ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများက နှစ်စဉ် လယ်သမားများ ကြုံတွေ့ရသော အခက်အခဲများကို ယခု အချိန်အထိ ဖြေရှင်းပေးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း၊ နှစ်စဉ် ရေလျှံမှုကြောင့် လယ်သမား များ ကြွေးမြီ ပြဿနာနှင့် ကြုံတွေ့နေရကြောင်း အုတ်ဖို ကျေးရွာ အုပ်စု အောင်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းမောင်က ပြောကြား သည်။

ဆည် တည်ဆောက်ပြီးနောက် ၁၅ နှစ်ခန့် နှစ်စဉ် လယ်ဧက သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့သော်လည်း ယခုနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရေမြောင်းများ ဖော်ထုတ်ပေးခြင်း၊ တိမ်ကောနေသည့် ချောင်း များကို ပြန်လည် ပြုပြင်ပေးခြင်းတို့ကြောင့် လယ်ဧက နှစ်သောင်းခန့် ရေနစ် မှု အန္တရာယ်မှ လွတ်ကင်းသွားကြောင်း သဲကုန်းမြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်က ဆိုသည်။

အင်းမဆည် တည်ဆောက်ပြီး နောက်တွင် ဒေသခံများနှင့် အခြားဒေသများမှ ကျူးကျော်၍ ငါးကန်များ တူးဖော်လာခြင်းကြောင့် ရေစီးလမ်းကြောင်းများ ပိတ်ဆို့ပြီး လယ်မြေများ ရေနစ်မြုပ်ခြင်းဖြစ်ပြီး ရေစီးလမ်းကြောင်းနှင့် မလွတ်ကင်းသည့် ကျူးကျော် ငါးကန်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

အင်းမဆည် တည်ဆောက်ပြီး နောက်ပိုင်း ၁၅ နှစ်ကျော်ခန့် ရေလွှမ်းမိုးမှု ဒဏ်ကို ခံစားခဲ့ရကာ မျိုးစပါး ရှားပါးမှု ပြဿနာများနှင့်လည်း ကြုံတွေ့ရကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးထွန်းရွှေက ပြောကြားသည်။

The Voice Weekly