Home » » မော်ကျွန်းတွင် ဖမ်းဆီးခံလယ်သမားများ ပြန်လွတ်ရေး ဆန္ဒပြ

မော်ကျွန်းတွင် ဖမ်းဆီးခံလယ်သမားများ ပြန်လွတ်ရေး ဆန္ဒပြ

Written By Unknown on Monday, July 15, 2013 | 6:55 PM

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှာ   လယ်ယာမြေသိမ်းဆည်းခံရလို့ ထွန်တုံးတိုက်ပွဲ ဝင်တဲ့တောင်သူတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့ လယ်သမား ၂၀၀ ကျော် ဒီကနေ့မနက်က မော်လမြိုင်ကျွန်း  မြို့နယ်အာဏာပိုင်တွေထံ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

အခုလ ၁ ရက်နေ့က  မော်လမြိုင်ကျွန်းမှာ အသိမ်းခံလယ်ယာမြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ လယ်သမား ၁၃ ယောက်ကို  အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းက အရေးယူဆောင်ရွက်နေမှုတွေကို မကျေနပ်လို့ ကျေးရွာ  ၇ ရွာလောက်က တောင်သူ ၂၀၀ ကျော် ဆန္ဒပြခဲ့ကြတာပါ။

လယ်သမားတွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံးနဲ့ မြို့နယ်ရဲစခန်းတွေရဲ့ ရှေ့တွေမှာ သွားရောက်  ဆန္ဒပြခဲ့ကြကြောင်း သွားရောက်ကြည့်ရှူခဲ့တဲ့ မရဲ့အုန်းပင်စုကျေးရွာက စပါးစိုက် တောင်သူ ဦးအေးလွင်က ပြောပါတယ်။

“မြို့နယ်တရားရုံး တရားစီရင်ရေးဘက်ကနေပြီးတော့ မရှိဆင်းရဲတဲ့ တောင်သူလယ်သမားတွေကို ရုံးချိန်းတွေ ခဏခဏချိန်းတယ်။ အဲဒါတွေကို မခံနိုင်လို့ လယ်သမားတွေက ဆန္ဒပြတာပါ။ အချုပ်ခံထားရတဲ့ လယ်သမားတွေကို ၄၄၇ နဲ့ ၄၂၇ နဲ့ တရားစွဲပြီး တရားသူကြီးက အာမခံပေးတယ်၊ သူတို့က မယူဘူး။ ခံဝန်ပေးတယ်၊ မယူဘူး။ သူတို့ဘက်က သူတို့ရဲ့ လုပ်ရပ်က မှန်ကန်တယ်ဆိုပြီး မယူတာ။ အဲဒါကို တရားရုံးကနေပြီး ဖမ်းချုပ်ထားတာပါ။”

တောင်သူလယ်သမားတွေဟာ သက်ဆိုင်ရာကို ကြိုတင် ခွင့်ပြုချက်ရယူပြီး ဆန္ဒပြတာမဟုတ်ပေမယ့် အာဏာပိုင်တွေက ဆန္ဒပြလယ်သမားတွေကို တားမြစ် ဖမ်းဆီး အရေးယူတာတွေမရှိဘဲ ခေါ်ယူညှိုနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မော်ကျွန်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က “တောင်သူလယ်သမားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမောင်မောင်အေး ဦးဆောင်ပြီးတော့ လယ်သမားတွေ ၂၀၀ ကျော်လောက် တက်လာတယ်လေ။ ကျနော်တို့ရုံးမှာပဲ အစည်းအဝေးခေါ်ယူပြီးတော့ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီလောက်အထိ လယ်သမားတွေ ကျေနပ်စေမယ့်ကိစ္စတွေကို ကျနော်တို့ အသေးစိတ်နားထောင်တယ်။ ပြီးတော့ ကျနော်တို့ဘက်က မြေယာစီမံခန့်ခွဲမှုအဖွဲ့တွေကို မူလမြေယာမှုခင်းကိစ္စတွေကို အမြန်ဆုံး မှန်မှန်ကန်ကန် စစ်ဆေးပေးပြီး ဥပဒေနဲ့အညီ လုပ်ပေးဖို့ ကျနော်တို့ မှာကြားလိုက်ပါတယ်။ လယ်သမားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တယောက်နဲ့တယောက် အမြင်မှားနေတာတွေ၊ အထင်လွဲနေတာတွေ မရှင်းလင်းတာတွေကို အပြန်အလှန်ဆွေးနွေး ရင်ကြားစေ့ပြီးတော့ ကျနော်တို့ ညှိနှိုင်းပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

စပါးစိုက်ပျိုးရေးကို အဓိကလုပ်တဲ့ မော်လမြိုင်ကျွန်းမြို့ရဲ့ ကျေးရွာတွေမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေပေါင်း ၁ သောင်းကျော် ရှိတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ထွန်တုံးတိုက်ပွဲမှာ ပါဝင်တဲ့ လယ်သမား ၁၃ ဦးကတော့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ တွေနဲ့ တရားစွဲဖမ်းဆီးခံထားရပြီး အာမခံနဲ့ ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။

 by ယုဇနကိုကို  (ဒီဗွီဘီ)