Home » » ရွှေဘိုမိုးခေါင်၍ နှမ်းခင်းလုံးကျွတ် ပျက်စီး

ရွှေဘိုမိုးခေါင်၍ နှမ်းခင်းလုံးကျွတ် ပျက်စီး

Written By Unknown on Thursday, July 11, 2013 | 3:48 PM

ရွှေဘို၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် မိုးခေါင်၍ဆည်ရေနှင့် အောင်ရေ လုံလောက်စွာ မရခဲ့ခြင်းကြောင့် နှမ်းခင်းများ ခင်းလုံးကျွတ် ပျက်စီးခြင်းနှင့် အထွက်နှုန်း လျော့ကျခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါဒေသရှိ နှမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် နွေနှမ်းစိုက်ပျိုးချိန် အတွင်းက ဆည်ရေ လုံလောက်စွာမရခြင်းနှင့် အောင်ရေအတွက် မိုးကောင်းစွာ ရွာသွန်းမှု မရှိခဲ့သဖြင့် အပင်ဖြစ်ထွန်းမှု မရှိဘဲ အပင်များဝါ၍ နှမ်းခင်းလုံးကျွတ် ပျက်စီး သွားခဲ့ကြောင်း ဝက်လက်မြို့နယ် စိုင်နိုင်ကျေးရွာ အုပ်စုရှိ နှမ်းခင်းလုံးကျွတ် ပျက်စီးခဲ့သော တောင်သူဦးချစ်အေးက ဆိုသည်။

“နှမ်းသုံးခင်းစိုက်တာ တစ်ခင်းကအပင်မဖြစ်ဘူး၊ ကျန်တဲ့နှစ်ခင်းက အောင်ရေမရလို့ နှမ်းပင်တွေ အကုန်ဖျက်ပစ်ရတော့မယ်၊ မျိုးဖိုး၊ ထွန်ယက်ခ၊ လုပ်အားခတွေ အကုန်ဆုံးရှုံးသွားတာပေါ့။ အခုမိုးရွာမယ် ဆိုရင်တောင် အပင်ဖြစ်တော့မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လကုန် ဧပြီလဆန်းတွင် စတင်စိုက်ပျိုးခဲ့သောနှမ်းများသည် ပန်းပွင့်ချိန်တွင် မိုးရေရရှိခဲ့သည့်အတွက် နှမ်းစိုက်ပျိုးမှု အဆင်ပြေခဲ့သော်လည်း ဧပြီလကုန် မေလဆန်းတွင် စိုက်ပျိုးခဲ့ သည့်နှမ်းများသည် ပန်းပွင့်ချိန်တွင် မိုးရေမရခဲ့သည့်အတွက် နှမ်းခင်းပျက်စီးမှုများ ရှိခဲ့ကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဦးအောင်မြင့်က ပြောကြားသည်။

“ဒီနှစ်မိုးခေါင်လို့ နှမ်းကမြေအောက်ရေကိုပဲ အားထားစိုက်ရလို့ အထွက်လျော့နိုင်တယ်။ အခုမှနှမ်းက ပေါ်ခါစပဲ ရှိသေးတော့ ဘယ်လောက်လျော့မလဲ ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိထွက်ရှိသည့်နှမ်းမှာ သက်ငယ်နှမ်း ( နွေနှမ်း ) ဖြစ်ပြီး စိုက်ပျိုးသည့်ရက် ၆၅ ရက်မှ ရက် ၈၀ ခန့်ထိကြာမြင့်ပြီး နှမ်းတစ်ဧကလျှင် ၁၀ တင်းမှ ၁၁ တင်းခန့် ထွက်ရှိရာ ယခုနှစ် နွေနှမ်းစိုက်ပျိုးရာသီတွင် ရွှေဘိုခရိုင်တွင် သက်ငယ်နှမ်း ၃၈,၇၉၇ ဧက စိုက်ပျိုးထားကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ယင်းသို့ ဆည်ရေမလုံလောက်မှုနှင့် မိုးကောင်းစွာ မရခဲ့သည့် အတွက် နှမ်းခင်းပျက်စီးမှုနှုန်းသည် ရွှေဘိုခရိုင်တွင် ရွှေဘိုမြို့နယ်ထက် ဝက်လက်မြို့နယ်သည် ခင်းလုံးကျွတ် ပျက်စီးမှုများရှိ၍ ပျက်စီးမှုပိုများပြီး ရွှေဘိုမြို့နယ်သည် နှမ်းအထွက်နှုန်းသာ လျော့ကျ ခဲ့ကြောင်း ရွှေဘိုမြို့နယ် ရွာသစ် ကျေးရွာဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

“အောင်ရေမရတော့ တင်း ၃၀ အထွက်မှန်းထားတဲ့ယာက ၁၀ တင်းပဲ ထွက်တယ်။ အထွက်နည်းပေမယ့် နှမ်းဈေးကောင်းလို့ တော်ပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နွေနှမ်းပေါ်ချိန်အတွင်းက နှမ်းသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ခုနစ်သောင်း ဝန်းကျင်ခန့် ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် နှမ်းသုံးတင်းဝင် တစ်အိတ်ပေါက်ဈေးသည် ကျပ်တစ်သိန်းခန့်ဈေးဖြင့် ဈေးကောင်းရလျက်ရှိကြောင်း ရွှေဘိုကုန်စည်ဒိုင် အဖွဲ့ဝင် ဦးမြင့်က ပြောကြားသည်။

ရွှေဘိုကုန်စည်ဒိုင်သို့ တစ်ရက်လျှင် နှမ်းသုံးတင်းဝင်အိတ်ရေ ၂၀၀ မှ ၃၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ပဲတီစိမ်းမှာတစ်ရက်လျှင် အိတ် ၂၀၀၀ ခန့်ဝင်ရောက်လျက်ရှိရာ လတ်တလောတွင် ပဲတီဈေးက သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်ရှစ်သောင်းခန့် ဈေးပေါက်လျက် ရှိကြောင်း ရွှေဘိုကုန်စည်ဒိုင်မှ စုံစမ်းသိရှိရသည်။

လက်ရှိဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော နှမ်းသစ် မှာ နှမ်းညိုဖြစ်ပြီး မူးမြစ်ရေဝင် ဆည်ရေသောက် ရေတင်စိုက်ပျိုး ရသော နှမ်းအမျိုးအစား ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်ခန့်က စတင်ထွက်ရှိခဲ့ရာ ဈေးကွက် အတွင်း နှမ်းဝင်ရောက်လာသည်မှာ သီတင်းနှစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း အဆိုပါ ရွှေဘိုဒေသခံများထံမှ သိရသည်။

ရွှေဘိုဒေသထွက်နှမ်းကို မန္တလေး နှမ်းမျိုးစုံဈေးကွက်သို့ အများဆုံးတင်ပို့ပြီး မန္တလေးမှတစ်ဆင့် တရုတ်နယ်စပ် ဈေးကွက်သို့ ဆက်လက်တင်ပို့ ရောင်းချလျက်ရှိကြောင်း ရွှေဘိုနှမ်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

The Voice Weekly