Home » » နစ်နာကြေးနှင့် လယ်ပြန်ရရန် လယ်သမား ၁၀၀ ဆန္ဒထုတ်ဖော်

နစ်နာကြေးနှင့် လယ်ပြန်ရရန် လယ်သမား ၁၀၀ ဆန္ဒထုတ်ဖော်

Written By Unknown on Friday, July 19, 2013 | 4:16 PM

ရွှေတောင်၊ ဇူလိုင် ၁၈

ရွှေတောင်မြို့ ချည်မျှင်နှင့်အထည် စက်ရုံက သိမ်းဆည်းထားခဲ့သော မြေများအတွက် လျော်ကြေးနှင့် လက်ရှိ လစ်လပ်နေသော လယ်မြေများကို ပြန်လည် ရရှိလိုသော လယ်သမား ၁၀၀ ဝန်းကျင်ခန့်က ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက အဆိုပါစက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော လယ်သမားများထံမှ သိရှိရသည်။

၁၉၇၄ ခုနှစ်က သိမ်းဆည်းခဲ့သော လယ်ယာမြေ ၇၀၁ ဒသမ၂၇ ဧက အနက် စီမံကိန်းအပြီး ပိုလျှံနေသည့် ဧက ၃၀၀ ကျော်ကို မူလပိုင်ရှင် လယ်သမားကို ပြန်လည်ပေးစေလိုပြီး စီမံကိန်းတွင်းပါ ခဲ့သော သိမ်းဆည်းခံရသော လယ်မြေများ၏ လျော်ကြေးကို ပြန်လည်ရရှိလို၍ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဆောင်သူ လယ်သမား ဦးဝင်းနိုင်က ပြောကြားသည်။

၂၀၁၂ ခုနှစ်က လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်စာပို့ခဲ့၍ လာရောက် စစ်ဆေးခဲ့သော်လည်း မထူးခြားခဲ့ကြောင်း၊ လယ်ပေါ်တွင် သီးစားလုပ်စားနေသူများကို လက်ပိုက်ကြည့်နေခဲ့ရကြောင်း၊ လစ်လပ်နေသော မြေများကို ပြန်လည် ရရှိပါကလည်း ထပ်မံ၍ နိုင်ငံတော် စီမံကိန်းများအတွက် သိမ်းမည်ဆိုပါက မိမိတို့အနေဖြင့်ပေးရန် အသင့်ရှိနေကြာင်း ၎င်းက ဆက်လက်ဆိုသည်။

“ဆန္ဒထုတ်ဖော်ပြီး တစ်ပတ်ကြာတဲ့အထိ စက်ရုံက လာရှင်းမပေးဘူးဆိုရင် ကျွန်တော်တို့တွေက သိမ်းထားတဲ့ မြေပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆက်လုပ်သွားမှာပါ”ဟု ဦးဝင်းနိုင်က ထပ်မံပြောဆိုသည်။

သိမ်းဆည်းခံထားသော လစ်လပ်မြေများပေါ်တွင် ယခင်က စစ်မှုထမ်းဟောင်းနှင့် စက်ရုံတို့၏ အကျိုးတူစိုက်ခင်းဟု ဆိုင်းဘုတ် စိုက်ထူထားခဲ့သော်လည်း မြေများကို ပြန်လည် မပေးလိုခြင်းကြောင့် အထည် လေ့ကျင့်ရေးဗဟိုငှာန တည်ဆောက်ရန်နေရာဟု ပြောင်းလဲဆိုင်းဘုတ် ထူထားကြောင်း အသိမ်းဆည်းခံ လယ်သမားများထံက သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ခွင့်ပြုမိန့် ချထားပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ဖြင့် လုံခြုံရေး ယူပေးခဲ့ကြောင်း ဆန္ဒပြပွဲကို လာရောက် စောင့်ကြည့်နေသည့် ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ဝန်ထမ်းအင်အား ၁၈၂၀ ရှိသော ရွှေတောင်ချည်မျှင်နှင့် အထည်စက်ရုံကို ၁၉၈၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၂ ခုနှစ် မတ်လ၂ရက်နေ့တွင် စတင်လည်ပတ်ခဲ့သည်။

The Voice Weekly