Home » » နိုင်ငံရေး ပုဒ်မများ၏ ပြစ်မှု ပြစ်ဒဏ်များ လျှော့ပေးရန် အစီအစဉ်မရှိဟု ပြည်ထဲရေး ဒု ဝန်ကြီးဆို

နိုင်ငံရေး ပုဒ်မများ၏ ပြစ်မှု ပြစ်ဒဏ်များ လျှော့ပေးရန် အစီအစဉ်မရှိဟု ပြည်ထဲရေး ဒု ဝန်ကြီးဆို

Written By Unknown on Wednesday, July 10, 2013 | 2:02 PM

နေပြည်တော်၊ ဇူလိုင် ၉

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမား အများစုကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် နိုင်ငံရေး ပုဒ်မများဖြစ်သော နိုင်ငံတော်အား ထိပါး နှောင့်ယှက်သည့် အန္တရာယ်ကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၁၀-က) နှင့် အရေးပေါ် စီမံချက် အက်ဥပဒေ (၅-ည) တို့တွင် ပါရှိသော ပြစ်မှု ပြစ်ဒဏ် များကို လျှော့ပေါ့ပေးမည် မဟုတ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က အရေးပေါ် စီမံမှု ဥပဒေများတွင် ပါရှိပြစ်ဒဏ်များကို ပြန်လည် လျှော့ပေါ့ပေး ရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ၎င်းက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အား ထိပါး နှောင့်ယှက်သည့် အန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ (၁၀-က)၊ (၁၀-ခ) နှင့် အရေးပေါ် စီမံမှု ဥပဒေပုဒ်မ (၅-ည) သည် နိုင်ငံတော် လုံခြုံရေးနှင့် ပြည်သူများ၏ လုံခြုံရေး အတွက် အရေးကြီးသည့် ဥပဒေများ ဖြစ်သောကြောင့် ပြစ်ဒဏ် လျှော့ပေါ့ရန် အစီအစဉ် မရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆက်လက် ပြောကြားသည်။

“ဒီဥပဒေ နှစ်ရပ်လုံးက ပြည်ထဲရေး ဝန်ကြီးဌာနကပဲ တရားစွဲလို့ရတာ ဝန်ကြီးဌာနကလည်း အပြစ်မရှိ ရင် မစွဲပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဥပဒေ နှစ်ရပ်၏ ပြစ်ဒဏ်များတွင် လူတစ်ဦးကို ငါးနှစ်အထိ အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားရှိ နိုင်ပြီး အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ (၅-ည) သည် ထောင်ဒဏ် ခုနစ်နှစ်အထိ အပြစ်ပေးနိုင်ကာ ငွေဒဏ် ကိုလည်း ချမှတ်နိုင်သော ဥပဒေဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ကလည်း ပြောကြားသည်။

“ကိုလိုနီခေတ်ကဆိုလျှင် နိုင်ငံရေးမှုက ခြောက်လပဲ ကျပြီး လွတ်လပ်ရေး ရပြီးနောက် တက်လာတဲ့ အစိုးရတိုင်းက အဲဒီ ဥပဒေတွေကို ထပ်တလဲလဲ သုံးပြီး နိုင်ငံရေးသမား အတော်များများကို အကျဉ်းချခဲ့တာ” ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ဆိုသည်။

အရေးပေါ် စီမံမှု ဥပဒေပုဒ်မ (၅-ည) ကို ၁၉၅၀ ပြည့်နှစ်တွင် ပါလီမန် ဒီမိုကရေစီ အစိုးရက ပြဋ္ဌာန်း ခဲ့ပြီး နိုင်ငံတော်အား ထိပါး နှောက်ယှက်သည့် အန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ၁၉၇၅ ခုနှစ်တွင် ဆိုရှယ်လစ်ခေတ် ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ ဥပဒေ နှစ်ရပ် အပါအဝင် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ၊အီလက်ထရောနစ် ဥပဒေတို့ကို အသုံးပြုကာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရတို့က ဖမ်းဆီး ထိန်းသိမ်းထား သူ ထောင်ပေါင်းများစွာရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

The Voice Weekly