Home » » အမျိုးသားကျန်းမာရေးမူဝါဒ လွှတ်တော်တင်ရန် ကြန့်ကြာမည်ဟုဆို

အမျိုးသားကျန်းမာရေးမူဝါဒ လွှတ်တော်တင်ရန် ကြန့်ကြာမည်ဟုဆို

Written By Unknown on Thursday, July 25, 2013 | 4:19 PM

ရန်ကုန်၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ရေးဆွဲ ထားသော အမျိုးသား ကျန်းမာရေးမူဝါဒတွင် ထည့်သွင်းရမည့်ကဏ္ဍ များပြားသောကြောင့် ယင်းမူဝါဒကို ယခုနှစ်ပိုင်းအတ...ွင်း လွှတ်တော်တင်ရန် ကြန့်ကြာမည် ဖြစ်ကြောင်း အဆိုပါမူဝါဒ ရေးဆွဲထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကျန်းမာရေးကွန်ရက်မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။

အဆိုပါမူဝါဒကို ယခုနှစ်ကုန်အတွင်း အပြီးသတ် လွှတ်တော်တင်ရန် လျာထားသော်လည်း ပူးပေါင်းဆောင်ရွက်မည့် အကြံပေး အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကျန်ရှိနေသည့်အတွက် လာမည့် ၂၀၁၄ ခုနှစ်တွင်မှ လွှတ်တော်သို့ တင်နိုင်ဖွယ် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

မူဝါဒရေးဆွဲရန်အတွက် ယခုနှစ် ဧပြီလအတွင်းက စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကျန်းမာရေးဝန်ထမ်းများနှင့် ပထမအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်တွင်းမှ ကျန်းမာရေး အဖွဲ့အစည်းများနှင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းကျန်းမာရေးကွန်ရက်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒုတိယအကြိမ် ဆွေးနွေးပွဲရလဒ်များအရ အာဆီယံနိုင်ငံများနှင့် တန်းတူညီတူ ကျန်းမာရေးစနစ် ဖြစ်ပေါ်ရေး၊ မိခင်နှင့်ကလေး သေနှုန်းလျော့ကျရေး၊ ငွေကြေးချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ် တိုးမြှင့်ပေးရေးတို့ကို ဆက်လက်ဆွေးနွေးရန် ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောဆိုသည်။

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်ရှိမူဝါဒတွေက ကိုယ်တိုင်ရေးထားတာ ဆိုတော့ ကောင်းတယ်လို့ပဲ ပြောမှာပေါ့။ သူတို့ရေးဆွဲထားတဲ့ မူဝါဒတွေက ဆရာတို့ဆီ မရောက်သေးတော့ နှိုင်းယှဉ်ပြောလို့ မလွယ်သေးဘူး” ဟု ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျန်းမာရေးကွန်ရက်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကွန်ရက်၏ ရည်ရွယ်ချက်များတွင် အမျိုးသား ကျန်းမာရေးမူဝါဒ ဖြစ်ပေါ်ရေးကို ထည့်သွင်း ရေးဆွဲထားသည်။

The Voice Weekly