Home » » မြို့သာ စက်မှုဇုန် အသိမ်းခံမြေများအတွက် လျော်ကြေးတောင်းရန် လာသူများ မြို့အဝင်တွင် တားမြစ်ခံရ

မြို့သာ စက်မှုဇုန် အသိမ်းခံမြေများအတွက် လျော်ကြေးတောင်းရန် လာသူများ မြို့အဝင်တွင် တားမြစ်ခံရ

Written By Unknown on Thursday, July 25, 2013 | 1:44 PM

မန္တလေး၊ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးရွာ ငါးရွာမှ ဒေသခံများသည် ဇူလိုင်လ ၂၄ ရက်နေ့က မြို့သာ စက်မှုဇုန် တည်ဆောက်ရန် အသိမ်းခံ ထားရသည့် မြေများအတွက် ထိုက်သင့်သည့် လျော်ကြေး ရရှိရေး မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြရန် လာစဉ် ဆန္ဒပြသည်ဟုဆိုကာ မြို့အဝင်တွင် တားဆီးခံရကြောင်း ယင်းဒေသခံများက... ပြောကြားသည်။

“ကျွန်တော်တို့ ဆန္ဒပြဖို့ လာတာ မဟုတ်ပါဘူး။ မြေဆုံးရှုံး နစ်နာမှုနဲ့ ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြဖို့ လာတာပါ။ လူစုလူဝေးနဲ့ မလာဖို့ မြို့အဝင်မှာ ရဲတပ်ဖွဲ့က တားပါတယ်” ဟု ငါန်းဇွန် မြို့နယ် ပျော်ဘွယ် (အနောက်) ကျေးရွာ ဒေသခံ ဦးသန်းလွင်က The Voice သို့ ပြောကြားသည်။

ယင်းတားမြစ်မှုနှင့် ပတ်သက်၍ ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူးကို The Voice က မေးမြန်းရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ စစ်ဆေးမှု ပြုလုပ်နေခြင်းသာဖြစ်ပြီး တားဆီးခြင်းမဟုတ်ကြောင်း ၎င်းက ပြန်လည် ဖြေကြားသည်။

ငါန်းဇွန်မြို့နယ် ပျော်ဘွယ် အနောက်ကျေးရွာ၊ ငွေအင်း ကျေးရွာ၊ လိပ်ဝပ်တော ကျေးရွာ၊ လေးထောင့်ကန် ကျေးရွာ၊ အနောက်တော ကျေးရွာ တို့မှ ဒေသခံ တောင်သူ ၁၀၀ ကျော်သည် မြို့နယ် အုပ်ချုပ်ရေးမှူး ထံ မြေယာ လျော်ကြေးကိစ္စနှင့် ယင်းစက်မှုဇုန်အတွက် မြေယာ သိမ်းယူရာ တွင် စိုက်ပျိုးမြေ ချန်လှပ်ရေးတို့ကို တင်ပြနိုင်ရန် ငါန်းဇွန်မြို့သို့ လာရောက် စဉ် ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က တားမြစ်ခြင်း ခံခဲ့ရသည်ဟု အဆိုပါ ဒေသခံများက တညီတညွတ်တည်း ပြောကြား သည်။

ယင်းသို့ ဒေသခံ တောင်သူများက တင်ပြ တောင်းဆိုလာမှုနှင့် ပတ်သက် ၍ မြင်းခြံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှဝင်းတင်၊ ငါန်းဇွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထင်ဝင်းတို့ထံ တွေ့ဆုံ၍ မေးမြန်းရာ ၎င်းတို့က ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာ စက်မှု ဥယျာဉ် စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Royal Hi-Tech Company Group တို့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရှိရသည်။

ယင်းတောင်သူများ မြေလျော်ကြေး တောင်းဆိုရန် လာရောက်မှုနှင့် ပတ်သက်၍ Royal Hi-Tech Company Group က မြေလျော်ကြေး ၉၀ ရာခိုင်နှုန်း ပေးပြီးကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က The Voice သို့ ပြောကြားသည်။

ယင်းကုမ္ပဏီ အနေနှင့် စက်မှု ဥယျာဉ် စီမံကိန်းတွင် မြေသိမ်းခံ ရသူ တောင်သူများကို တစ်ဧကလျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် ၈၃၆ ဧကနှင့် တစ်ဧကလျှင် ၅သိန်းကျပ်နှုန်းဖြင့် ၃၉၀၀ ဧကခန့်ကို မြေယာ လျော်ကြေးပေး ပြီးဖြစ်ကြောင်း Royal Hi-Tech Company Group ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

The Voice Weekly