Home » » လယ်လုပ်ခွင့်လက်မှတ် ကျပ် ၅၀၀ ဖြင့်ရရှိမည်

လယ်လုပ်ခွင့်လက်မှတ် ကျပ် ၅၀၀ ဖြင့်ရရှိမည်

Written By Unknown on Tuesday, July 16, 2013 | 2:30 PM

ပုသိမ်၊ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တောင်သူများ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ကျပ် ၅၀၀ ဖြင့် ရရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနထံမှ သိရသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရရှိရန် ဧရိယာအကျယ်အဝန်း မည်မျှကိုမဆို လုပ်ကွက်တစ်ခုလျှင် စာရွက်စာတမ်း ကုန်ကျစရိတ်မလိုဘဲ ကျပ် ၅၀၀ ကို မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် ပုံစံ ၇ ရရှိပြီးပါက လယ်ယာ မြေဥပဒေနှင့် နည်းဥပဒေများအရ ပိုင်ဆိုင်လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

တောင်သူများကို လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးခြင်းတို့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် မရရှိသေးသည့် ကာလအတွင်း အငြင်းပွားမှု ဖြစ်နေသည့် လယ်ယာမြေများကို စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ ရာသီချိန်အမီ စိုက်ပျိုးနိုင်ရန် ယခင်နှစ်က လုပ်ကိုင်ခဲ့သူကို ယာယီသီးစား ချထားပေးမည် ဖြစ်ကြောင်း ငပုတောမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေး အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်တွင် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ကျေးရွာအုပ်စုပေါင်း ၈၇၈ အုပ်စုမှ တောင်သူများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် တစ်သိန်းကျော် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ဦးကျော်ထင်က ပြောကြားသည်။

The Voice Weekly