Home » » အသိမ်းခံခြံမြေတွေမှာ ထွန်ယက်လို့ တောင်သူ ၉ ဦး တရားစွဲခံရ

အသိမ်းခံခြံမြေတွေမှာ ထွန်ယက်လို့ တောင်သူ ၉ ဦး တရားစွဲခံရ

Written By Unknown on Friday, July 19, 2013 | 12:58 AM

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ပုံကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာက တောင်သူ ၉ ဦးကို သိမ်းယူထားတဲ့ ဥယျဉ်ခြံမြေတွေမှာ ကျူးကျော်ထွန်ယက်တဲ့ ပုဒ်မနဲ့ မြောင်းမြမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နဂိုမူလက သူတို့ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေတွေမှာ စိုက်ပျိုးတာကို ကျူးကျော်ဝင်ရောက်မှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ကြောင်း တောင်သူ ဦးကြည်လွင်က RFA ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်ကစပြီး ညောင်ချောင်းလေးကျေးရွာက တောင်သူ ၃၀ ကျော်ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေဧက ၅၀၀ နီးပါးကို မြောင်းမြမြို့အခြေစိုက် ခ.လ.ရ (၉၃)၊ မအူပင်မြို့အခြေစိုက် ခ.လ.ရ(၂၇)စတဲ့ တပ်ရင်းတပ်ဖွဲ့တွေက ရာဘာစိုက်ပျိုးဖို့အတွက်ဆိုပြီး လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလလောက်က တောင်သူတွေက ဥယျာဉ်ခြံမြေတွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ဖျာပုံမြို့နယ်အခြေစိုက် ခ.လ.ရ(၉၈)က တရားလိုပြုလုပ်ပြီး ပုဒ်မ (၄၄၇) ကျူးကျော်ဝင်ရောက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese