Home » » နစ်ဆန်း မော်တော်ယာဉ် တပ်ဆင်စက်ရုံ ဆောက်ရန်ပြင်

နစ်ဆန်း မော်တော်ယာဉ် တပ်ဆင်စက်ရုံ ဆောက်ရန်ပြင်

Written By Unknown on Wednesday, July 24, 2013 | 2:00 PM

ရန်ကုန်၊ ဇူလိုင် ၂၃

ဂျပန်နိုင်ငံ အခြေစိုက် နစ်ဆန်း (Nissan) ကုမ္ပဏီက မော်တော်ယာဉ် အစိတ်အပိုင်းများ ပေါင်းစပ် တပ်ဆင်သော စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ဆွေးနွေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့က Nissan Techno Co., Ltd. တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ များ နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောကြားသည်။

နစ်ဆန်းက မော်တော်ယာဉ် အစိတ်အပိုင်းများ နောက်ဆုံးအဆင့် တပ်ဆင် သည့် စက်ရုံ တည်ဆောက်ရန် လျှောက်ထားခဲ့ပြီး စက်မှု ဝန်ကြီးဌာန၏ သဘောထား မှတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်လေးတင့်က ပြောဆို သည်။

အဆိုပါ နစ်ဆန်း ကုမ္ပဏီ၏ အပိုပစ္စည်းနှင့် ဆားဗစ် စင်တာကို ရန်ကုန်မြို့ တွင် ၂၀၁၁ ခုနှစ် ကတည်းက ဖွင့်လှစ်ထားသည်။

“ပြည်တွင်းမှာ စက်ရုံ ဆောက်တော့ ကားဈေး ပိုကျမယ်။ ဝယ်တဲ့သူ ပိုများ လာမယ်။ ဒါပေမဲ့ လမ်းတွေ ကျပ်နေတာကိုတော့ အရင် ဖြေရှင်းသင့်တယ် ထင်တယ်” ဟု Nissan March အမျိုးအစား မော်တော်ယာဉ်ဖြင့် အငှားယာဉ် မောင်းနှင်နေသူ ဦးကျော်ကျော်လင်းက ဆိုသည်။

နစ်ဆန်း ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် ဒုတိယ အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်ပြီး ကမ္ဘာ့ ဆဋ္ဌမ အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည်။

ဆူဇူကီး (Suzuki Motors) ကလည်း တောင်ဒဂုံ စက်မှုဇုန်တွင် မော်တော် ယာဉ် အစိတ်အပိုင်းတပ်ဆင် စက်ရုံ တည်ဆောက်၍ မော်တော်ယာဉ်များ ထုတ်လုပ်နေသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသော ပမာဏ အမေရိကန် ဒေါ်လာ ၂၇၀ ဒသမ ၂၈၃ သန်းရှိပြီး ၂၀၁၂ ခုနှစ် အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၄၁၄ ဘီလီယံ ရှိသည်။

The Voice Weekly