Home » » ပုသိမ် ရေနက်ဆိပ်ကမ်းဆောက်ရန် ဒေသခံ လယ်သမားများငြင်းပယ်

ပုသိမ် ရေနက်ဆိပ်ကမ်းဆောက်ရန် ဒေသခံ လယ်သမားများငြင်းပယ်

Written By Unknown on Friday, July 26, 2013 | 3:10 PM

ပုသိမ်၊ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အကြား ပုသိမ်မြစ်ဝ(င၀န်မြစ်)အနီး၊ (ချောင်းစောက်၊ ရှမ်းရွာ၊ ရှမ်းငူ)ဒေသများရှိ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဆောက်လုပ်ရန် လျာထားမြေဧက ၆၀၀၀ကျော်အတွက် Ayeyarwaddy Development Co.,Ltd. ၏တစ်ဧက သိန်း ၂၀ဖြင့် ၀ယ်ယူမည့်အစီအစဉ်အား ရှမ်းငူကျေး ရွာအုပ်စုမှ လယ်သမားများက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊  မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှတစ်ဆင့် အဆိုပါကုမ္ပဏီသို့ ဇူလိုင် ၂၁ရက်နေ့တွင် သဘောမတူကြောင်းလက်မှတ်ရေးထိုး ငြင်းပယ် လိုက်သည်။

ရှမ်းငူကျေးရွာတွင် အိမ်ခြေ ၂၀၀ကျော်ရှိပြီး လယ်ဧက ၁,၈၇၅ ရှိကာ တစ်ဧကလျှင် ပျမ်းမျှနွေစပါး ၁၀၀တင်းခန့်နှင့် မိုးစပါး(ပေါ်ဆန်းမွှေး) ၆၅တင်းအထိ အထွက်နှုန်းကောင်းကြောင်း၊ ယင်းအုပ်စုတစ်စုလုံးတွင် စပါးတင်းပေါင်း နှစ်သိန်းခွဲမှ သုံးသိန်းအထိထွက်ရှိသဖြင့် ရေနက်ဆိပ်ကမ်း တည်ဆောက်လိုက်ပါက လယ်မြေများပျက်စီးကာ လယ်မြေကိုမှီခိုနေရသောလယ်သမားများ အလုပ်လက်မဲ့ဖြစ်ပြီး  နိုင်ငံတော်၏  စပါးကျီ ဧရာဝတီတိုင်းဆန်စပါးထွက်ရှိမှုကိုလည်း ထိခိုက်နိုင်ကြောင်း ဒေသခံလယ်သမားများပြောသည်။

““တစ်ဧကကို သိန်း ၂၀ဆိုတာ တော်တော်နည်းပါတယ်။ ရန်ကုန် အစွန်အဖျားတွေမှာတောင် သိန်း ၈၀၊ ၁၀၀ရနေတယ်။ ဒီလယ်တွေကကျွန်တော်တို့ ဘိုးဘွားလက်ထက်ကနေ အခုထိ ထမင်းစားနေရတာ ကျွန်တော်တို့သက်သေပါ။ ဒီလယ်တွေနဲ့ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်အကျိုးပြုနိုင်တယ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာပြောင်းတော့ ထွန်စက်၊ ရိတ်သိမ်းစက်၊ ခြွေလှေ့စက်စတဲ့ စက်ပစ္စည်းတွေဝယ်ရပါတယ်။ အချို့ဆိုအရစ်ကျစနစ်နဲ့ ၀ယ်ထားတာ။ အကြွေးမကျေသေးဘူး။ အဲဒါတွေအတွက် ဘယ်လိုရှင်းပေးမလဲ။ စီမံကိန်းဧရိယာထဲမှာ အိမ်၊ အဆောက်အအုံ တွေအားလုံးပါတယ်။ ဒီမှာ နေစရာလုပ်စရာမရှိရင် ဘယ်သွားမလဲ။ မြို့ပေါ်က ရပ်ကွက်ကြို၊ ရပ်ကွက်ကြားမှာတောင် အိမ်တစ်လုံးအနည်းဆုံး သိန်း ၂၀ရှိတယ်။ ၁၀ဧက ရောင်းလိုက်ရတဲ့ သိန်း ၂၀၀က ဘယ်လောက်ခံမှာမို့လို့လဲ။ ငွေဆောင်ဘက်က ရောင်းလိုက်တဲ့လယ်သမားတွေဆို ဆိုက်ကားနင်းစားနေရတယ်”” ဟု ရှမ်းငူကျေးရွာမှ အစဉ်အဆက်လယ်ယာလုပ်ကိုင်သူ ဦးမြင့်ကြည်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ရေနက်ဆိပ်ကမ်းလုပ်မည်ဆိုပါကစီမံကိန်းလုပ်မည့် ကုမ္ပဏီအနေဖြင့် လုပ်ဆောင်မည့်စီမံကိန်းအဆင့်ဆင့်ကို ဒေသခံများ ကိုရှင်းပြရန်လိုအပ်ပြီး ဒေသခံများ၏ ဘ၀ရှေ့ရေးအတွက် အာမခံချက်အပြည့်အ၀ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းစတင်မည့်ရက်၊ စီမံကိန်းစပါက ဒေသခံများနှင့် ထိုက်တန်သောအလုပ်၊ ထိုက်တန်သောလစာပေးချေမှု၊ စီမံကိန်းပြီးပါက ဒေသခံများအား အလုပ်ခန့်ထားမှု၊ ရေနက်ဆိပ်ကမ်းကြောင့် နိုင်ငံတော် ကုမ္ပဏီနှင့် ဒေသခံတို့၏အကျိုးအမြတ်၊ စီမံကိန်းကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ပွင့်လင်းမြင်သာစွာ တိတိကျကျထုတ် ပြန်ပေးရန်လိုအပ်ကြောင်းတို့ကို ရှမ်းငူကျေးရွာမှ လယ်ဧက ၅၀လုပ်ကိုင်ပြီး ကုမ္ပဏီ၏ ကမ်းလှမ်းချက်အား ငြင်းပယ်ခဲ့သူ ဦးထွန်းလင်းက ပြောကြားသည်။

““တစ်ဧကကို သိန်း ၂၀ပေးတာက ကုမ္ပဏီအနေနဲ့ မြေဈေးကိုထိန်းလိုက်တယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြေဈေးက အရမ်းမြင့်တယ်။ အချို့နိုင်ငံခြားကုမ္ပဏီတွေ မြန်မာကိုမလာ တော့ဘဲ မြေဈေးသက်သာတဲ့ လာအို၊ ကမ္ဘောဒီးယားတို့ကို ရောက်သွားတယ်။ လာအိုမှာမြေကို မရောင်းဘူး။ မြေပိုင်ရှင်က ရှယ်ယာဝင်တစ်ဦးအဖြစ် နှစ်အကန့်အသတ်စာချုပ်နဲ့ မြေငှားတယ်။ အကျိုးအမြတ်ကို ရာခိုင်နှုန်းနဲ့ခွဲယူတယ်ဆိုတော့ သူတို့ရဲ့ ဘ၀ရှေ့ရေးလည်းအာမခံချက်ရှိတယ်။ စာချုပ်ပြည့်ရင်သူ့မြေက သူ့မြေပဲ။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုလုပ်စေချင်တယ်”” ဟုပုသိမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ကိုဇော်ဘိုက မြန်မာသံတော်ဆင့်သို့ပြောသည်။

ပုသိမ်မြို့သည် ယခင်ကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ပုသိမ်မြို့၊ ကျောက်ငူရပ်ရှိ ပိုလန်ဆိပ်ကမ်း၌ နိုင်ငံတကာမှနိုင်ငံကူးသင်္ဘောများဆိုက်ကပ်၍ ဆန်၊ သစ်နှင့် အခြားကုန်ပစ္စည်းများ တင်ပို့ရောင်းချသော်လည်း ပုသိမ်မြစ်ကြောင်း (င၀န်မြစ်)တိမ်ကောလာသောကြောင့် နှစ်၂၀ ကျော်ကြာအသုံးမပြုနိုင်သော်လည်း ဆိပ်ခံတံတားမှာပျက်စီးသွားခဲ့သည်။ ပြီးခဲ့တဲ့နှစ်က တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ထိုင်းနိုင်ငံမှကုန်တင် သင်္ဘောတစ်စီးဆိုက်ကပ်ခဲ့ပြီး ဆန်များတင်ပို့ရောင်းချခဲ့သည်။

Myanmartandawsint Newspaper