Home » » စက်လှေများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဂိတ်ကြေးကောက်ခံဟုဆို

စက်လှေများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဂိတ်ကြေးကောက်ခံဟုဆို

Written By Unknown on Sunday, July 14, 2013 | 2:03 PM

မြစ်ကြီးနား၊ ဇူလိုင် ၁၃

မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်မြို့နယ် အင်ထန်းဇွပ်ကျေးရွာထိတိုင်အောင် ဧရာဝတီမြစ်မှတစ်ဆင့် မလိခမြစ်ကြောင်းအတိုင်း ပြေးဆွဲလျက်ရှိသော စက်လှေများကို လမ်းခရီး မြစ်ကြောင်းတစ်လျှောက်ရှိ တပ်မတော်နှင့် ရဲတပ်သားများက ဂိတ်ကြေးငွေ ကောက်ခံသဖြင့် စက်လှေလုပ်ငန်း ပိုင်ရှင်များ အခက်အခဲများ ကြုံတွေ့နေကြရကြောင်း လဖစက်လှေဂိတ် (မြစ်ဖျားဧရာ ရေယာဉ်အသင်း) က The Voice သို့ ပြောကြားသည်။

မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာရာ စက်လှေဂိတ်မှူးသို့ ဂိတ်ကြေး ၂၀,၀၀၀ ကျပ် ပေးဆောင်ရပြီး ဗလမင်းထင်တံတား၊ အောင်မြင်သာ၊ ဂွေထော်၊ ဖုန်အင်၊ အင်စွပ် စသော ဂိတ်များတွင် ကုန်ပစ္စည်း အနည်းအများပေါ် မူတည်၍ ၅၀,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်အထိ ပေးဆောင်ရကြောင်း၊ တီယန်ဇွပ်ဂိတ်တွင် စက်လှေတစ်စီးလျှင် ကမ်းကပ်ခွန် ၂,၀၀၀ ကျပ် အပါအဝင် ဂိတ်ကြေးငွေ ၁၃၂,၀၀၀ ကျပ်ကို ပုံမှန်ပေးဆောင်ရပြီး မပေးနိုင်လျှင် စက်လှေကို ဆက်လက်ထွက်ခွာခွင့် မပြုကြောင်း စက်လှေသမားများက တူညီစွာပြောဆိုသည်။

တီယန်ဇွပ်ဂိတ်မှ ထွက်ခွာပြီး ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ အူဂျီဇွပ်ဂိတ်တွင် စက်လှေတစ်စီးလျှင် ကမ်းကပ်ခွန် ၅,၀၀၀ ကျပ်၊ လိုင်းကြေး ၁၅,၀၀၀ ကျပ်နှင့် ဂိတ်ကြေး ၁၀,၀၀၀ ကျပ် ပေးဆောင်ရသည့်အတွက် မြစ်ကြီးနားမြို့မှ တီယန်ဇွပ်ထိ ပေးဆောင်ရသော ဂိတ်ကြေးမှာကျပ် ငါးသိန်းနှင့် ခြောက်သိန်းအထိ ရှိနေသဖြင့် စက်လှေလုပ်ငန်း လုပ်ကိုင်နေသူများ ရှေ့ဆက် အလုပ်လုပ်ကိုင်ရန် အဆင်မပြေတော့ကြောင်း မြစ်ဖျားဧရာ ရေယာဉ်အသင်းမှ လူထုမေတ္တာ စက်လှေပိုင်ရှင် ကိုမြင့်ထွေးက ရှင်းပြသည်။

“ဆန်၊ စက်သုံးဆီနဲ့ ဆေးဝါးတွေကို ကန့်သတ်ကုန်ဆိုပြီး မတင်ခိုင်းဘူး၊ မတင်ရဘူးဆိုပြီး တရားဝင် စာထုတ်ထားတာလည်း မရှိဘူး။ စကားပြောစက်တွေ၊ ဖုန်းတွေ၊ အင်္ကျီတွေကအစ ဝယ်ခိုင်းသေးတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ လုပ်ငန်းပြောင်းကြရတော့မယ်” ဟု ၎င်းကဆိုသည်။

အင်ထန်းဇွပ်သို့တက်သော စက်လှေတစ်စီးလျှင် ကုန်ပစ္စည်းတင်ဆောင်ခ ပျမ်းမျှ ကျပ် ၁၅ သိန်းဝန်းကျင်ခန့် ရရှိသော်လည်း စက်သုံးဆီစရိတ် လေးသိန်းအပါအဝင် ပေးဆောင်ရသော ဂိတ်ကြေးနှင့် အထွေထွေ အသုံးစရိတ်များ တွက်ကြည့်ပါက ၁၃ သိန်း ဝန်းကျင်ခန့် ကုန်ကျသဖြင့် အမြတ်အစွန်း မကျန်သလောက် ဖြစ်နေကြောင်း မြစ်ဖျားဧရာ ရေယာဉ်အသင်းမှ စန်းသောတာ စက်လှေပိုင်ရှင် ကိုတူးဂျာက ရှင်းပြသည်။

“တချို့ဂိတ်တွေဆို ဂိတ်ကြေးမပေးနိုင်ရင် မလာကြနဲ့လို့ပြောတယ်။ မဆောင်ဘူးလို့ မပြောပါဘူး။ မော်တော်တစ်စီး ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ်လေး ဖြစ်စေချင်တာပါ” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံသို့ စာဖြင့်တင်ပြထားသော်လည်း မည်သို့မှ အကြောင်းမပြန်သေးကြောင်း စက်လှေသမားများ၏ ပြောပြချက်အရ ထပ်မံသိရှိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဂိတ်ကြေးငွေ ကောက်ခံခြင်းကို မေးမြန်းရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က ကချင်ပြည်နယ် ရဲတပ်ဖွဲမှူးထံသို့ စာထုတ်အကြောင်း ကြားထားသည်မှလွဲ၍ အခြားဆောင်ရွက်ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ပြည်နယ်အစိုးရရုံးမှ ပြောကြားသည်။

မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်တွင်ရှိသော လဖစက်လှေဂိတ်သည် စက်လှေအစင်း ၁၀၀ ခန့်ရှိပြီး စက်လှေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူ ၃၀၀ ခန့်ရှိကာ တစ်ရက်လျှင် စက်လှေ အတက်အဆင်း သုံးစင်းမှ ရှစ်စင်းအထိ ရှိသည်။

The Voice Weekly