Home » » မန္တလေးမြို့ လမ်းမကြီးများရှိ ပလက်ဖောင်း ဆိုင်ခန်းများ မိမိ အစီအစဉ်နှင့် ဖျက်သိမ်းရမည်

မန္တလေးမြို့ လမ်းမကြီးများရှိ ပလက်ဖောင်း ဆိုင်ခန်းများ မိမိ အစီအစဉ်နှင့် ဖျက်သိမ်းရမည်

Written By Unknown on Friday, July 19, 2013 | 3:55 PM

မန္တလေးမြို့၏ အဓိက လမ်းမကြီးများရှိ ပလက်ဖောင်းများပေါ်တွင် ကျူးကျော်၍ ပစ္စည်းများ ထားရှိခြင်း၊ ဆိုင်ခန်း ဖွင့်လှစ်ခြင်းများကို မိမိ အစီအစဉ်နှင့် ဖျက်သိမ်းရန် လုပ်ငန်းရှင်များထံ အကြောင်းကြားစာ ပေးပို့ ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန် ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ အဓိက လမ်းမကြီးများပေါ်တွင် ဖွင့်လှစ် ရောင်းချနေသော ဆိုင်ခန်းများကို ဖျက်သိမ်း ဖယ်ရှားရန် အကြောင်းကြားစာ တစ်ကြိမ် ပေးပို့ထားပြီး ဒုတိယအကြိမ် အကြောင်းကြားစာ ထပ်မံပေးပို့ပြီးချိန် ထိ ဖယ်ရှားခြင်း မရှိပါက ဌာနမှ ဖယ်ရှားကာ စည်ပင် ဥပဒေဖြင့် တရားစွဲ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးမြို့၏ အဓိက လမ်းမကြီး တစ်ခုဖြစ်သည့် ၈၄ လမ်းတွင် ဖွင့်လှစ် ရောင်းချသော ဆိုင်များ အနေနှင့် ပလက်ဖောင်းပေါ်၌ ပစ္စည်း ထားရှိမှုကို ဇူလိုင်လ ၁၇ ရက်နေ့ နောက်ဆုံးထားကာ မိမိ အစီအစဉ်နှင့် ဖယ်ရှားရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန က အကြောင်းကြားခဲ့ကြောင်း ယင်းဆိုင်ရှင်များထံမှ သိရှိရသည်။

“စည်ပင်ရဲ့ အကြောင်းကြားစာ ရတဲ့နေ့မှာပဲ ကျွန်တော့်ဆိုင်က မီးစက်ကြီးကို ဆိုင်ထဲ ရွှေ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော့် အနီးနားက ဆိုင်တွေရဲ့ ပစ္စည်းတွေ၊ မီးစက်တွေကတော့ ရှိနေဆဲပါ။ စည်ပင်အနေနဲ့ မျှမျှတတ ရှိစေချင်ပါတယ်” ဟု မန္တလေးမြို့ ၈၄ လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် ခြောက်မြို့နယ် အတွင်းရှိ အိမ်များ၊ ဆိုင်များ၊ ဈေးဆိုင်များနှင့် စတိုးဆိုင်များ၊ ပွဲရုံနှင့် အရောင်းစင်တာများမှ ရောင်းကုန် ပစ္စည်းများကို လူသွား စင်္ကြံများ၊ ပလက်ဖောင်းများ၊ ရေမြောင်း လမ်းမများပေါ်တွင် ထားရှိ ရောင်းချခြင်း၊ လမ်း နယ်နိမိတ်အတွင်း အပြင်လမ်းများ ထက်မြင့်၍ မြေဖို့ခြင်း၊ ကွန်ကရစ် လောင်းခြင်းများကြောင့် ရေမြောင်းများ ပိတ်ဆို့လျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ယင်းသို့ ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် စစ်ဆေး တွေ့ရှိပါက တည်ဆဲ ဥပဒေ၊ စည်ပင် ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အခွန်ဌာနက မန္တလေး နေ့စဉ် သတင်းစာများမှ တစ်ဆင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အသိပေး ကြေညာပြီးဖြစ်ကြောင်း အခွန်ဌာနထံမှ သိရှိရသည်။

“ကျွန်တော်နေတဲ့ လမ်းမှာ အိမ်ဆိုင် ၁၀ ဆိုင်လောက် ရှိတယ်။ ကျွန်တော့် ဆိုင် အပါအဝင် သုံးဆိုင်လောက်ပဲ သန့်ရှင်းရေးခွန် ဆောင်ရပြီး ကျန်တဲ့ ဆိုင်တွေက ဘာကြောင့်ရယ်မသိ မဆောင်ရတာ တွေ့ရတယ်။ စည်ပင် ဥပဒေဟာ တစ်ပြေးညီ ဖြစ်သင့်ပါတယ်” ဟု ၈၆ လမ်း x ၈၇ လမ်း ၂၇ လမ်း တွင် အိမ်ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly