Home » » စပါးသီးနှံအထွက်နည်းပြီး စားဝတ်နေရေး ကြပ်တည်းမှု ကြုံတွေ့နိုင်

စပါးသီးနှံအထွက်နည်းပြီး စားဝတ်နေရေး ကြပ်တည်းမှု ကြုံတွေ့နိုင်

Written By Unknown on Monday, July 29, 2013 | 2:35 PM

မိုးအဝင်နောက်ကျ၍ မိုးနည်းတဲ့အတွက် ကယားပြည်နယ်ဒေသအတွင်းရှိ တချို့နေရာများတွင် စပါးသီးနှံ စိုက်ပျိုးကြရတဲ့ တောင်သူများအတွက် စပါးသီးနှံအထွက်နည်းပြီး စားဝတ်နေရေးကြပ်တည်းမှု ကြုံတွေ့နိုင်တယ်လို့ စားဝတ်နေရေး အခက်အခဲတွေကို တဖက်တလမ်းကူညီဖြေရှင်းပေးနေတဲ့ လူမှုအသင်းအဖွဲ့အစည်းမှ ဝန်ထမ်းတဦးက ပြောပါတယ်။

မိုးအချိန်မှီ ရွာသွန်းမှု မရှိတဲ့အတွက် ပျိုးစပါးများမှာ ဝါထိန်ပြီး ပျက်စီးကုန်ကြောင်း မြေပဲပင်များမှာ အပင်မသန်တော့ကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါပဲ့ဒူကျေးရွာမှ ဒေသခံ ဒေါ်ဇင်ဇင်က ပြောပါတယ်။

ဒေါ်ပဲဒူကျေးရွာ တစ်ရွာလုံးအနေနဲ့ ဒီနှစ် မြေပဲစိုက်ပျိုးရာမှာ ခန့်မှန်းချေ အပုံးပေါင်း (၇၀) ကျော် စိုက်လေ့ရှိပြီး ယခင်နှစ်တွင် မြေပဲ(၁)ပုံးစိုက်လျှင် အပုံး (၃၀) ထွက်ရှိပေမယ့် ယခုနှစ်မှာတော့ အပင်မသန်သည့်အတွက် အထွက်နှုန်း အရမ်းနည်းမှာကို စိုးရိမ်နေကြရပါတယ်။

ဒေါ်ဇင်ဇင်က “မိုးက မလိုက်ပေးနိုင်လို့ဖြစ်တယ် လို့ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုဆိုတော့ ကျမတို့စိုက်ပြီးတာနဲ့ နေက ဆက်တိုက်ဆက်တိုက် ပူသွားခါကျတော့ အပင်က မပေါက်နိုင်တော့ဘူး အဲလိုမျိုးဖြစ်တယ်” လို့ ပြောပါတယ်။

ဒေါဖုကျေးရွာအုပ်စုနှင့် ဒေါမကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများသည် အဓိက ပြောင်းမြေပဲနှင့် တောင်ယာစပါးကို စိုက်ပျိုးကြတာဖြစ်ပြီး ယခုနှစ် မိုးနောက်ကျတာဖြစ်တဲ့အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဆင်မပြေမှုတွေ ဖြစ်လာရ တာဖြစ်တယ်လို့ ပြောပါတယ်။

မြေပဲကို အများဆုံးစိုက်ပျိုးတဲ့ ရွာတွေမှာဆိုရင်တော့ မြေပဲအထွက်နှုန်းပေါ် မူတည်ပြီး ဆန်ကို ပြန်ဝယ်စားနေကြ ရတာ ဖြစ်ပါတယ်။

ယခုကဲ့သို့ စားဝတ်နေရေးအခက်အခဲတွေ ဖြေရှင်းဖို့အတွက် ACF (Action Contre La Faim) ပြည်ပြည်ဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့က စပါး(၈)ပုံးမှာ အတိုး(၁)ပုံးနှုန်းဖြင့် ပြန်လည် ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၀၀ ခုနှစ်မှာတုန်းက မိုးခေါင်ခဲ့လို့ စားဝတ်နေရေး အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရတဲ့အချိန်မှာ နေ့စဉ်ဝမ်းရေးအတွက် ထမင်းအစား ပြောင်းဖူးပြုတ်ကိုသာ ချက်ပြုတ်စားခဲ့ကြရတယ်လို့ သိရပါတယ်။

by ဖြိုးဝေအောင် - ကန္တရ၀တီတိုင်း(မ်)