Home » » ဆွစ်ဇာလန်တွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွား

ဆွစ်ဇာလန်တွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွား

Written By Unknown on Wednesday, July 31, 2013 | 9:09 AM

ဆွစ်ဇာလန်နိုင်ငံတွင် ဖြစ်ပွားသော ရထားနှစ်စင်း တိုက်မှု၌ အနည်းဆုံး လူ(၁)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ တနင်္လာနေ့က ဆွစ်ဇာလန် အနောက်ဘက် ဒေသတွင် ရထားနှစ်စင်း တိုက်မိခဲ့ရာ ရထားမောင်းသူတစ်ဦး သေဆုံးခဲ့သည်။ ဂရန်ဂျက်စ်ပရီစ် မာနန်တွင် ညပိုင်းက ဖြစ်ပွားခဲ့သော ရထားတိုက်မှုကြောင့် ဆေးရုံရောက်နေသူများအနက် (၅)ဦးသည် အခြေအနေ ဆိုးရွားကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိခဲ့သည့် AFPသတင်းထောက်က ဘူတာငယ် တစ်ခုအနီးတွင် အပျက်အစီးများ စုပုံထားသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

ရထားချင်း တိုက်သော နေရာသည် လူပေါင်း (၁၂၀၀)မျှ နေထိုင်သည့် ရွာငယ်လေး တစ်ခု၏ အစွန်တွင်ဖြစ်သည်။ရထားတစ်စင်းသည် လူဆန်နေးသို့ ဦးတည်ကာ တောင်ဘက်သို့ ခုတ်မောင်းခဲ့ပြီး အခြားရထားကမူ လူဆန်နေးမှ ထွက်ခွာကာ မြောက်ဘက်သို့ သွားရောက် နေခဲ့စဉ် တိုက်မိကြခြင်း ဖြစ်သည်။ ရထားနှစ်စင်းပေါ်တွင် လိုက်ပါလာသူ (၄၆)ဦးရှိကြောင်း၊ အားလုံးသည် ဆွစ်ဇာလန် နိုင်ငံသားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အင်္ဂါနေ့ထိ ကယ်ဆယ်ရေး လုပ်ငန်းများကို ကတိုက်ကရိုက် ဆောင်ရွက်နေဆဲဖြစ်ပြီး ရထားမောင်းသမား (၂)ဦးအနက် (၁)ဦး၏ ရုပ်အလောင်းကို ဆွဲထုတ်နိုင်ခဲ့သည်။ ၎င်းကို စတင်တွေ့ရှိချိန် ကတည်းက စကားမပြန်တော့ခြင်းဟု ကယ်ဆယ်ရေးများက ဆိုသည်။

ပိမိနေသော အပျက်အစီးများကို ဖြတ်တောက် ရှင်းလင်းပြီးနောက် ရုပ်အလောင်းကို သယ်ထုတ်ခဲ့ကြရသည်။ကယ်ဆယ်ရေး တပ်ဖွဲ့များသည် ရထားချင်း တိုက်ထားသည့် အပျက်အစီးများကို ကရိန်းများပါ အသုံးပြု၍ ရှင်းလင်းနေဆဲ ဖြစ်သည်။ မီးမောင်းကြီးများကို တပ်ဆင်ကာ ညတွင်းချင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ဥရောပ ရထားလမ်း ကွန်ရက်သည် အလွန်ကောင်းမွန် ဘေးကင်းသော ပို့ဆောင်ရေး စနစ်တစ်ခုအဖြစ် အသိအမှတ်ပြု ခံခဲ့ရသော်လည်း မကြာသေးမီက ပြဿနာများစွာ ကြုံလာရသည်။ ပြီးခဲ့သည့် သီတင်းပတ်က စပိန်တွင် အမြန်ရထား လမ်းချော်မှု တစ်ခုကြောင့် လူ(၇၈)ဦး သေဆုံးခဲ့သည်။ ဇူလိုင်လလယ်ကလည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော် အနီးတွင် ရထားတိုက်မှု တစ်ခုကြောင့် လူ(၇)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ဒဏ်ရာရသူများကို ဆေးရုံ(၅)ခုသို့ ဖြန့်ကျက် ပို့ဆောင်ခဲ့ပြီး ရဟတ်ယာဉ်များကို အသုံးပြုခဲ့ကြောင်း ဆိုသည်။ ထိခိုက်ဒဏ်ရာ ရသူများအနက် အခြေအနေ ပြင်းထန်သူများ ပါရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရဟုလည်း ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယခုရထားတိုက်မှုသည် (၁၀)နှစ်အတွင်း ဆွစ်ဇာလန်တွင် အဆိုးရွားဆုံး ရထားမတော်တဆမှုလည်း ဖြစ်လာသည်။ (၂၀၀၃)ခုနှစ်က ဇူးရစ်ခ်ျတွင် ဖြစ်ပေါ်ခဲ့သော မတော်တဆမှု အတွင်း၌ လူ(၄၅)ဦး ဒဏ်ရာရရှိခဲ့သည်

Planet Myanmar Network