Home » » မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးဝန်းကျင်က ရေသည်တွေကို ဖမ်းတော့မည်ဟုဆို

မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးဝန်းကျင်က ရေသည်တွေကို ဖမ်းတော့မည်ဟုဆို

Written By Unknown on Wednesday, July 31, 2013 | 5:39 PM

မန္တလေး - ပြင်ဦးလွင် လမ်း ၁၉မိုင် အနီးဝန်းကျင် လမ်းဘေးတွင် တဲလေးများထိုး၍ ရေဆေး ၊ ရေလဲ လုပ်ကိုင်လျှက်ရှိသော ရေသည်များကို မနက်ဖန် (၁.၈.၂၀၁၃) ရက်နေ့တွင် ဖမ်းဆီးမည်ဟု ပြင်စာ ရဲစခန်း၏ စခန်းမှူးကိုယ်တိုင်က လာရောက်ပြောဆိုသွားသည်ဟု သိရသည်။

ယနေ့ ပြင်ဦးလွင်မြို့နယ် ၊ ပြင်စာရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းဘေး ရေသည် တစ်ဦးဖြစ်သူ ကိုလတ်ဆိုသူကိုလည်း ဖမ်းဆီးမည်ဟု ဆိုကာ အဓမ္မခေါ်ဆောင်ကြောင်း ၊ ကိုလတ်၏ ဦးလေး ဖြစ်သူက အာမခံ၍ ပြန်လည်ခေါ်ယူထားလိုက်ရကြောင်း ရေသည်များက ဆိုသည်။ မနက်ဖန် အပြီး ဖယ်မပေးပါက “အားလုံးကို ဖမ်းဆီးမယ် ၊ ဗိုက်ကြီးသည်လည်း မထားဘူး” ဟု စခန်းမှူးမှ ပြောဆိုသွား ကြောင်း အမျိုးသမီးတဦးက ဆိုသည်။

အဆိုပါ လမ်းအနီးတစ်ဝိုက် ၁၆ မိုင် ၄ ဖာလုံမှ ၂၃ မိုင်အထိ လမ်းဘေးဈေးသည်များကို ရှင်းလင်း ဖယ်ရှားမည်ဟု ဌာနဆိုင်ရာများက ပြောဆိုထားပြီး ယခု အတင်းဖယ်ရှားခိုင်းသည့်နေရာမှာ ၁၉မိုင် အနီး ၀န်းကျင်သာဖြစ်ကြောင်း ၊ အခြားနေရာမှ ဈေးသည်များကို ဖယ်ရှားရန် ပြောဆိုခြင်း မရှိကြောင်း လိုက်လံ မေးမြန်းစုံစမ်းရာမှ သိရသည်။

သက်ဆိုင်ရာဌာနများက နိုင်ငံတော် စီမံကိန်းများအရ ဖယ်ရှားမည်ဟု ဆိုသဖြင့် ၁၉မိုင် အနီးဝန်း ကျင်မှ ရေသည်များကလည်း စီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသ၍ လုပ်ကိုင်စားသောက် နေထိုင် လိုပါကြောင်း ၊ စီမံကိန်းများ စတင်လျှင် ဖယ်ရှားပေးမည် ဖြစ်ကြောင်းဖြင့် မန္တလေးတိုင်း ဒေသကြီး အစိုးရ အထိ တင်ပြထားသည်။ အဆိုပါစာအား ရဲစခန်းမှူးအား ပြသ၍ ပြောဆိုရာတွင် ဒီစာတွေက ဘောင်မ၀င်ဘူးဟု ပြောဆိုသွားကြောင်း သိရသည်။

ရေသည်များအနေဖြင့် အဓမ္မဖယ်ဆီးခံရမည့် အရေးကို စိုးရိမ်ပူပန်လျှက်ရှိပြီး ပြောင်းရွှေ့ရန် အခက်အခဲ ရှိနေသဖြင့် လာရောက်ဖမ်းဆီးလျှင်လည်း တောင်းပန်ပြောဆို၍ သွားမည် ဖြစ်ကြောင်း ၊ အဓမ္မ လုပ်ကိုင်လာမှုမျိုးကိုတော့ အလိုမရှိကြောင်း ၊ အုပ်ချုပ်ခံလူတန်းများအနေဖြင့် အုပ်ချုပ်သူတို့၏ အဓမ္မ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးကို နိုင်ငံသားအခွင့်အရေးအရ ပြောဆိုသွားမည်ဟု သိရသည်။

ထွန်းထက်

by Myanmar News Now