Home » » လိုင်ဇာ၌ထားရှိရန် ပင့်ဆောင်လာသည့် ဆင်းတုတော်အား ကချင်လူထုများ သဘောမတူသည့်အတွက် မန္တလေးသို့ ပြန်လည် ပင့်ဆောင့်သွား

လိုင်ဇာ၌ထားရှိရန် ပင့်ဆောင်လာသည့် ဆင်းတုတော်အား ကချင်လူထုများ သဘောမတူသည့်အတွက် မန္တလေးသို့ ပြန်လည် ပင့်ဆောင့်သွား

Written By Unknown on Monday, June 24, 2013 | 11:07 AM

ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ လမ်းတစ်လျှောက်ကောက်ခဲ့သော ကျည်ခွံများဖြင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေးဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်နှင့် လက်ဝါးကားတိုင် အား လိုင်ဇာမြို့သို့ဇွန်၂၂ ရက်တွင် ပင့်ဆောင်ခဲ့ရာ ကချင်လူထုများ သဘောမတူကြသည့်အတွက် လက်ဝါးကားတိုင်ကိုလိုင်ဇာမှာချန်ခဲ့ပြီး ဆင်းတုတော်အား မန္တလေးသို့ ပြန်လည်ပင့်ဆောင် သွားပြီး ဖြစ်သည်။

“လက်ဝါးကားတိုင်ကိုတော့ လိုင်ဇာမှာထားခဲ့ပြီး ဆင်းတုတော်ကိုတော့ ပြန်သယ်သွားတယ်လို့ကြားရတယ်။ သူတို့က ဆင်းတုတော်အားနေ့တိုင်းရှိခိုး ပူဇော်ပြီးတာဝန်ယူသည့် လူတွေ ရှိမှာထားခဲ့ချင်တယ်လို့ပြောတယ်။ လိုင်ဇာက လူတွေလည်း မလုပ်ပေးနိုင်တော့ ပြန်သယ်လာခဲ့ကြတယ်တင်တယ်။နေရာနဲ့လူအဆင်သင့် ဖြစ်ရင် နောက်ပြန်လာမယ်ထင်တယ်။ လိုင်ဇာဒေသခံတွေ ဒီဆင်းတုတော်အား လိုင်ဇာမှာထားဖို့ သဘောတူကြမှာမဟုတ်ဘူး။” ဟု PCG (Peace-talk Creation Group) မှ ဦး ဆန့်အောင်ကဆိုသည်။

“သူတို့ကိုနေပြည်တော်မှာသွားထားဆိုလည်း နေပြည်တော်မှာ ထားဖို့ မဟုတ်ဘူးလို့ပြောတယ်။ မြစ်ကြီးနား အံတော်ရှင်ဘုန်းကြီးကျောင်းတွင်ထားဖို့ဆိုလည်း စစ်ပွဲဖြစ်သည့်နေရာမှာထားချင်တယ်လို့ သူတို့ကပြောတယ်”ဟု ဦးဆန့်အောင်မှ ဆက်လက်ဆိုသည်။

လိုင်ဇာမြို့တွင် အများစုမှာကချင်တိုင်းရင်းသားများသာ နေထိုင်ကြပြီး ဗုဒ္ဓစေတီပုထိုး၊ ဓမာရုံများမရှိသည့် မြို့ဖြစ်သည်။

“ကျည်ခွံတွေကို ဘ၀ပြောင်းထားတဲ့ ဘ၀အကြောင်းပြောပြချင်တာသက်သက်ပါ။ ဗုဒ္ဓဘုရားပွားလာအောင် လိုက်လုပ်နေတာလဲ မဟုတ်ဘူး။ အလကား ပစ်ခတ်လိုက်တဲ့ ကျည်ခွံတွေရဲ့ တန်ဖိုးကိုသိအောင် သံဝေဂ ရအောင် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။” ဟု လိုင်ဇာမသွားခင် မြစ်ကြီးနားမြို့တွင် တွေ့ဆုံစဉ် ဦးဝင်းချိုမှ ဆိုသည်။

ထိုဘုရားဆင်းတုတော်အား ကိုစည်သူနှင့် ဦးဝင်းချိုဦးဆောင်သော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့(၂၂ ယောက်အဖွဲ့) မှ ကျည်ခွံများကောက်ခဲ့ပြီး မန္တလေး ဘုရားကြီးတွင် ထုကာ မန္တလေးမှ ဇွန်(၁၆) ရက်နေ့ထွက်ခဲ့ပြီး လိုင်ဇာမြို့သို့ ဇွန်၂၁ ရက်နေ့တွင် ရောက်ရှိကာ ၃ နာရီခန့်လိုင်ဇာမြို့တွင် ရပ်နားကာ မြစ်ကြီးနားသို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။

“ကချင်ပြည်နယ်ဒေသခံတွေလည်းသဘောမတူဘူး။ KIO ဘက်က PCG အဖွဲ့နဲ့ညှိနိုင်းပြီး လုပ်ဆောင်သွားဖို့ ပြောထားတယ်လို့ကြားတယ်။ ဒါပေမဲ့သူတို့ PCG နဲ့လည်း မညှိနိုင်းပဲ လိုင်ဇာကို သွားလိုက်တယ်။ ဒါဟာ ပြည်သူတွေကို တကယ်သံသယ ဖြစ်စေတယ်။” ဟုကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ဒေါ်ဒေါင်ညွယ်က ပြောသည်။

မြစ်ကြီးနားမှ ဘာသာရေးဆရာ တစ်ဦးဖြစ်သည့် ဆရာခွန်းမြတ်ကလည်း “ ငြိမ်းချမ်းရေးဆိုပြီးလမ်းလျှေက်ကြတဲ့ လူတွေရဲ့ ငြိမ်ချမ်းရေးဆိုသည့် စကားလုံးကိုတောင် သံသယ၀င်လာတယ်” ဟု ဆိုသည်။

ဆင်းတုတော်အား ကျည်ခွံပိသာချိန် ၁၃ ပိသာဖြင့် ပြုလုပ်ထားပြီး ညဏ်တော်မှာ ၁၂ လက်မ ဖြစ်သည်။ လက်ဝါးကားတိုင်မှာလည်း အမြင့် ၁၂လက်မှ ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
“မသန့်ရှင်း သွေးစွန်းထားသည့် ကျည်ဆံတွေဖြစ်တယ်။ ဒီထဲမှာပြည်သူတွေရဲ့အသက်လည်းပါတယ်။ ဒါကြောင့် ဒီလက်ဝါးကားတိုင်ရော၊ ဆင်းတုတော်ရော ကချင်ပြည်နယ်ကို ပင့်ဆောင်လာစရာ အကြောင်းမရှိဘူး။ ပင့်ကို မပင့်ဆောင်လာသင့်ဘူး။” ဟု လိုင်ဇာဒေသခံတစ်ဦးဖြစ်သူ ကိုအဇက်က ဆိုသည်။

အဆိုပါကိုစည်သူအဖွဲ့သည် ဖြစ်ကြီးနားမှ အဖွဲ့ခွဲကာ ၀ိုင်းမော်မှ ဒေသခံများနှင့်ပူပေါင်းပြီး စုစုပေါင်းအယောက်(၂၂) ဖြင့် အုပ်စုခွဲကာ လိုင်ဇာသို့ ပထမဆုံးသွားရောက်ခဲ့သည် အဖွဲ့ဖြစ်သည်။

Kachin Waves