Home » » ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ နေအိမ်များပြောင်းရွှေ့

ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ နေအိမ်များပြောင်းရွှေ့

Written By Unknown on Sunday, June 16, 2013 | 9:16 PM

နေပြည်တော်၊ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ၏အရှေ့ဘက်ရှိ ဧရာဝတီ မြစ်ကမ်းပါး အနည်းငယ်စီပြိုကျလျက်ရှိသဖြင့် မြစ်ကမ်းပါးနှင့်ပေ(၄၀)ခန့်သာဝေးသည့် ကျေးရွာအစွန်းရှိ လူနေအိမ်(၇)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အား ဖျက်သိမ်းပြောင်းရွှေ့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၁၄-၆-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်တွင် လူနေအိမ်(၃)လုံးဖျက်သိမ်းပြီး နိဗ္ဗာန်ကျွန်းကျေးရွာ၊ ကွက်သစ်မြေကွက်သို့ ယာယီပြောင်းရွှေ့သွားကြပြီးဖြစ်သော်လည်း ကျန်နေအိမ်(၄)လုံးနှင့် ဘုန်းတော်ကြီး ကျောင်းမှာ ဖျက်သိမ်းဆဲဖြစ်ကြောင်းနှင့် ဖျက်သိမ်းလျက်ရှိသည့်နေအိမ်(၄)လုံးအား ကွက်သစ်မြေကွက်သို့ ယာယီ ပြောင်းရွှေ့ထားမည်ဖြစ်ကာ ကျောင်းထိုင်ဆရာတော် ယာယီသီတင်းသုံးနေထိုင်ရန်အတွက် လက်ရှိကျောင်းတည်နေရာ၏အနောက်ဘက် ပေ(၂၀)ခန့်အကွာတွင် ယာယီတဲကျောင်းဆောက်လုပ်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ဆက်လက်ပြိုကျနေပါက နိဗ္ဗာန်ကျွန်းကျေးရွာ ပြောင်းရွှေ့နေရာ ချထားရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များ၊ ရွာသူ/ရွာသားများနှင့် တွေ့ဆုံပြီး ကမ်းပါးပြိုကျမှုနှင့် ကင်းလွတ်နေရာသို့ပြောင်းရွှေ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ရာ မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံမကြီးကွင်း၊ မြေလွတ်မြေရိုင်းဖြစ်သည့် ကွင်းအမှတ် ၁၂၁၇ သို့ ပြောင်းရွှေ့လိုကြောင်း တင်ပြချက်အရ ကျေးရွာမြေနေရာရရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ )