Home » » လားရှိုး ပဋိပက္ခနောက်ပိုင်း တရုတ်နယ်စပ်လုံခြုံရေး တိုးမြှင့်

လားရှိုး ပဋိပက္ခနောက်ပိုင်း တရုတ်နယ်စပ်လုံခြုံရေး တိုးမြှင့်

Written By Unknown on Thursday, June 6, 2013 | 2:39 PM

ရန်ကုန်၊ ဇွန် ၅

လားရှိုးမြို့၌ မေလ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ နောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း မူဆယ် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော မူဆယ် ဒေသခံများကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို စိုးရိမ်၍ တရုတ် အာဏာပိုင် များက ပျက်စီးနေသည့် နယ်စပ် ခြံစည်းရိုး (သံတိုင်) များနှင့် ခိုးဝင်ပေါက်များကို ပြန်လည် ပြုပြင်၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း မူဆယ်ဒေသခံ ဦးရဲဆွေဝင်းက ဆိုသည်။
“ဘာပဲဖြစ်ဖြစ် တရုတ် ဥပဒေက ပြင်းတယ်။ လုံခြုံတယ်။ ကျွန်တော့်အသိ တွေတောင် ဒီရက်ပိုင်း ဟိုဘက်ကို ပြောင်းသွားတာတွေ ရှိတယ်။ လုပ်စရာရှိရင် ပြန်လာ၊ ပြီးရင် တရုတ်မှာ ပြန်နေတယ်” ဟု ၎င်းက ဆိုသည်။

လားရှိုး အကြမ်းဖက်မှု ဖြစ်ပွားသော ရက်ပိုင်းအတွင်း ကောလာဟလ များကြောင့် တရုတ်နိုင်ငံ ကြယ်ဂေါင် ဘက်သို့ လူဦးရေ ၂၀၀ ကျော် ၃၀၀ နီးပါးခန့် တရားဝင် ဝင်ရောက် လာသည်ဟု ကြယ်ဂေါင်မြို့တွင် ကုန်တင်ကားဂိတ် ဖွင့်လှစ်ထားသူ တစ်ဦး ကဆိုသည်။

တရုတ်နိုင်ငံသို့ ဝင်ရောက်မည် ဆိုပါက ယာယီ နေထိုင်ခွင့် လက်မှတ်နှင့် တစ်နှစ် နေထိုင်ခွင့် လက်မှတ်တို့ဖြင့် တရားဝင် သွားရောက်နိုင်ပြီး လားရှိုး ပဋိပက္ခ မဖြစ်မီက နယ်စပ် ခိုးဝင်ပေါက်များမှ တစ်ဆင့် ဝင်ရောက်သူများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မူဆယ် နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်-မြန်မာနှစ်နိုင်ငံသို့ နေ့စဉ် ဝင်ထွက်သူ ငါးထောင်ကျော် ရှိရာ ယခုရက်ပိုင်းအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် အလုပ်သမားများကို တရုတ်နိုင်ငံ ရဲများက ဖမ်းဆီးလျက် ရှိကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။

The Voice Weekly