Home » » ရွှေတိဂုံ စေတီတော်ပေါ်သို့ တက်ရောက်ပန်းကျဲ ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေး ဆေးရုံပို့

ရွှေတိဂုံ စေတီတော်ပေါ်သို့ တက်ရောက်ပန်းကျဲ ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေး ဆေးရုံပို့

Written By Unknown on Monday, June 17, 2013 | 1:43 AM

ရန်ကုန်၊ ဇွန် ၁၆

၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် စောင်းတန်းသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ် ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊ ၃၈နှစ်၊ (ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက် နေသူနှင့် ၎င်း၏ ချွေးမ မမျိုးသန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ်ယူကာ စေတီတော် ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း အနီးရှိ အလှူခံပုံး ပေါ်တွင် နှင်းဆီပန်းများ တင်၍ လည်းကောင်း၊ ပန်းအချို့အား အောက်သို့ချ၍ လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံ အရိုက်ခံခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာ ၀တ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။

ထိုကဲ့သို့ ဓါတ်ပုံ အရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့် အဖွဲ့မှ ခေါ်ယူ မေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူ မပြုလုပ်ရန် ခံဝန်လက်မှတ် ရေးထိုးစေခဲ့ပါသည်။

မခင်မျိုးသည် ပထမ အိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ်ထွန်း၊ ဘူတာရပ်၊ နောင်ချိုမြို့နယ်နေသူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊ အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော (၃)နှစ်ခန့်မှစ၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း သိရသည်။

မခင်မျိုးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန် တတ်ပြီး ယခင် ပန်ဆန်းမြို့တွင် နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ ဖူးကြောင်း၊ ၁၄.၆.၂၀၁၃ ရက်နေ့တွင် မခင်မျိုးသည် သားအကြီးဖြစ်သူ မောင်ကောင်းထက်သော် (ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုးသန္တာစိုးနှင့် အတူ
 ရွှေမန္တလာယာဉ်ဖြင့် လားရှိုးမှ ရန်ကုန်သို့ ဆေးကုသရန်လာ ရောက်ခဲ့ပြီး ဒဂုံတောင်မြို့နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏ နေအိမ်တွင် တည်းခို နေထိုင်ခဲ့ ပါသည်။

 ၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန် ဆေးခန်းရှိ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန် ဒေါ်မိမိချိုနှင့် ပြသရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက်ခဲ့ပြီး ရွှေတိဂုံ စေတီတော် ဖူးမြော်ရန်အတွက် စေတီတော် အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ခဲ့ပြီး ပန်းများ ၀ယ်ယူကာ ဘော်လာကာ ၀တ်စုံဝတ်၍ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင် ရန်ကုန်အိုလမာ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သော အဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့ သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအား ခေါ်ဆောင်၍ ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ရာ တာဝန်ကျ ဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံ စစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက် ကုသလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရသိရှိရပါသည်။

Myanmar News Now