Home » » မြေပိုင်ဆိုင်မှုအတုဖြင့် ဂျပန်နိုင်ငံသားထံမှ လိမ်လည်ရန် ကြိုးစားသူကို အမှုဖွင့်

မြေပိုင်ဆိုင်မှုအတုဖြင့် ဂျပန်နိုင်ငံသားထံမှ လိမ်လည်ရန် ကြိုးစားသူကို အမှုဖွင့်

Written By Unknown on Friday, June 28, 2013 | 4:58 PM

ရန်ကုန်၊ ဇွန် ၂၇

ဂျပန်နိုင်ငံသား Mr. Tetsuya Nakajima (၂၇ နှစ်) ထံမှ ရှင်းထက်ကျော် သွင်းကုန်ပို့ကုန် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးညီညီဟန်က မြေပိုင်ဆိုင်မှု စာရွက်စာတမ်း အတုဖြင့် ကျပ်သိန်း ၅၀၀၀ ကို လိမ်လည်ရန် ကြိုးစားသည်ဟု ဆိုကာ ဂျပန်နိုင်ငံသားက အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးညီညီဟန်က မှော်ဘီမြို့နယ်ရှိ မြေကွက်တစ်ခုကို ၄င်းအမည်ပေါက် ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း အထောက်အထားများကို ဂျပန်နိုင်ငံ Harada Foods Co., Ltd. ၏ မန်နေဂျာဖြစ်သူ Mr. Tetsuya Nakajima ထံပေးပို့၍ ကျပ်သိန်း ၅၀၀၀ ဖြင့် ရောင်းချရန် အကြောင်းကြားခဲ့ရာ မြို့နယ်မြေ စာရင်းရုံးတွင် မြေကွက်နှင့် ပတ်သက်၍ စာရွက်စာတမ်းများကို စုံစမ်းစစ်ဆေးရာ လိမ်လည် အတုပြုလုပ်ထားသည့် စာရွက်စာတမ်းများ အဖြစ် တွေ့ရှိရကြောင်း အမှုစစ်ဒုရဲမှူးက The Voice သို့ ပြောကြားသည်။

အဆိုပါ ဂျပန်နိုင်ငံရှိ Harada Foods Co., Ltd. ၏ မန်နေဂျာကို ရှင်းထက်ကျော် သွင်းကုန်ပို့ကုန်ကုမ္ပဏီ ၏ အုပ်ချုပ်မှု ဒါရိုက်တာက ဦးညီညီဟန်က ကြိုတင်ငွေ စိုက်ထုတ်ပါက ဂျပန် လူမျိုးများ ကြိုက်သည့် “ဝ” ဥများကို တင်ပို့မည်ဟု ပြောဆိုသဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ချေးငွေ၊ ကုန်ပစ္စည်းကြိုတင်ငွေ အပါအဝင် စက်ပစ္စည်းများ ပါဝင်သည့် ကျပ် ၉၆၅၄ သိန်းကို ရန်ကင်းမြို့နယ်ရှိ ရှင်းထက်ကျော် သွင်းကုန်ပို့ကုန် ကုမ္ပဏီရုံးခန်းတွင် စာချုပ် ချုပ်ဆိုကာ ပေးသွင်းခဲ့ကြောင်း၊ ထို့နောက် ကျပ် ၃၉၃၇ သိန်း ကိုးသောင်း တန်ဖိုးရှိ သော “ဝ”ဥ များကိုသာ ပေးပို့ခဲ့သဖြင့် Harada Foods Co., Ltd. ၏ အမှုဆောင် အရာရှိချုပ်နှင့် ဦးညီညီဟန်တို့ ၂၀၁၃ ခုနှစ် ဧပြီလတွင် ငွေကြေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ် ဆိုခဲ့ရာ ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ရှင်းလင်းရန် သဘောတူညီ ခဲ့သော်လည်း သတ်မှတ်ရက်တွင် ငွေကြေးများ ရှင်းလင်းခြင်း မရှိကြောင်း ဂျပန်နိုင်ငံသား၏ တိုင်ကြားချက်များ အရ သိရှိရသည်။

အဆိုပါ လိမ်လည်သည်ဟု တိုင်ကြားခံရသည့် အမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှုစစ် ဒုရဲမှူး၊ အမှုစစ်ဒုရဲအုပ်၊ နယ်ထိန်း အရာရှိတို့ဖြင့် အမှုစစ်ကော်မတီဖွဲ့ကာ စစ်ဆေးလျက်ရှိပြီး လိမ်လည်သူဟု စွပ်စွဲခံရသူကို ခေါ်ယူစစ်ဆေးရာတွင် တိုင်ကြားသူ၏ ပြောကြားချက် အချို့နှင့် ကွဲလွဲမှုများ ရှိကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

The Voice Weekly