Home » » ဆိုင်ကယ်တိုက်ခံရသည့် ဒုတပ်ကြပ်သေဆုံး၍ တိုက်မိသူ ရဲတပ်သားကို လူသေမှုဖြင့် အမှုပြောင်းဖွင့်

ဆိုင်ကယ်တိုက်ခံရသည့် ဒုတပ်ကြပ်သေဆုံး၍ တိုက်မိသူ ရဲတပ်သားကို လူသေမှုဖြင့် အမှုပြောင်းဖွင့်

Written By Unknown on Wednesday, June 26, 2013 | 1:13 PM

တောင်ငူ၊ ဇွန် ၂၅

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၈၃/၄ တွင် တောင်ငူ မြို့နယ် ကျွန်းကုန်းကျေးရွာတွင် လွန်ခဲ့သော ၁၁ ရက်ခန့်က လမ်းလျှောက်လာသည့် တပ်မတော်မှ ဒုတပ်ကြပ်တစ်ဦးကို ရဲတပ်သားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မိရာက သေဆုံးခဲ့သဖြင့် ရဲတပ်သားကို ယခင်ပုဒ်မ ၃၃၈ ထိခိုက် နာကျင်စေမှုဖြင့် အရေးယူထားရာမှ ယခု အခါ ပုဒ်မ ၃၀၄ (က) လူသေမှုဖြင့် အမှု ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း အဆိုပါ ကျွန်းကုန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် အမှတ် ၉၃၀ ထောက်ပို့တပ်မှ ခွင့်ဖြင့်ရွာသို့ ပြန်လာသူ ဒုတပ်ကြပ် မိုးကျော်လွင်ကို ကျွန်းကုန်းရဲစခန်းမှ ရဲတပ်သား အောင်ချမ်းမြေ့ မောင်းနှင်လာသော ကန်ဘို ၁၂၅ အနက်ရောင် ဆိုင်ကယ်က အရှိန်လွန်ကာ ဝင်ရောက်တိုက်မိပြီး နဖူးပေါက်ပြဲ ဒဏ်ရာ များဖြင့် အမှတ် (၃) စစ်မြေပြင် ဆေးတပ်ရင်း ဆေးရုံသို့ တင်ပို့ခဲ့စဉ် ဇွန်လ ၁၅ ရက် နံနက် ၄ နာရီအချိန်တွင် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိ ရှိရသည်။

"ခုဖြစ်တဲ့သူ နှစ်ယောက်လုံးက ကျွန်တော်နဲ့ သူငယ်ချင်းတွေပါ။ မိုးကျော်လွင် ခွင့်နဲ့ပြန်လာတုန်း ဖြစ်သွားတာပါ" ဟု ကျွန်းကုန်းကျေးရွာနေသူ ဦးနေလင်းက ပြောကြားသည်။

ဆိုင်ကယ်တိုက်၍ လူသေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်သားကို ပြစ်မှုဆိုင်ရာ ဥပဒေများ နှင့်သာမက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေတို့ဖြင့်ပါ အရေးယူ မည်ဖြစ်ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly