Home » » လယ်သမားအရေး ကူညီသူ လွှတ်တော် ကိုယ်စားလှယ် တရားစွဲခံရ

လယ်သမားအရေး ကူညီသူ လွှတ်တော် ကိုယ်စားလှယ် တရားစွဲခံရ

Written By Unknown on Tuesday, June 25, 2013 | 8:49 PM

လယ်သိမ်းခံ လယ်သမားတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်မြင့်သိန်း ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တပ်ရင်း (၇၀) က ပိုင်နက်ကျူးလွန်မူ နဲ့ ဇွန်လ (၂၂) ရက်နေ့ က တွံတေးမြို့နယ်ရဲစခန်းမှာ အမူဖွင့်ခဲ့ပါတယ်။

ဦးမန်းအောင်မြင့်သိန်းဟာ တွံတေးမြို့နယ် ရေတွင်းကုန်းအုပ်စု ကျေးရွာ(၄)ရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရရေးအတွက် ဒေသခံ လယ်သမားတွေရဲ့ တင်ပြချက်တွေကို လွှတ်တော် အပါအ၀င် အာဏာပိုင်တွေထံတင်ပြကူညီနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လယ်သမားတွေက အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ အလံတွေစိုက်ထူပြီး ပြန်လည် ထွန်ယက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ထွန်ယက်တဲ့နေရာကို သွားရောက်ခဲ့တာကြောင့် သူ့ကိုအမူဖွင့်ထားကြောင်း စစ်တပ်အရာရှိတယောက်က လာရောက်အကြောင်းကြားခဲ့တယ် လို့ ဦးမန်းအောင်မြင့်သိန်းက ပြောပါတယ်။

"ကျွန်တော်က အားပေးတာလည်း မဟုတ်ဘူး။ဒါပေမယ့် ဦးမန်းအောင်မြင့်သိန်းကို တပ်ရင်း ၇၀ က ဗိုလ်ကြီးမင်းထက်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။လယ်သမားတွေကိုလည်း တရားစွဲတယ်"

အဲဒီဒေသက လယ်မြေဧက (၁၈၀၀)ကျော်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အပါအ၀င် တပ်ရင်း (၁၆)ခုက ၁၉၉၄ခုနှစ်က သိမ်းယူခဲ့ပြီး လယ်မြေဧက (၉၀၀)ကျော်မှာ ငါးကန်တွေ တူးဖေါ်၊ ကျန်ဧက (၉၀၀) ကျော်ကို တပ်နဲ့နီးစပ်သူတွေကို သီးစားချထားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေလ(၁၂)ရက်နေ့မှာ တပ်ရင်းတွေနဲ့ ဆွေးနွေးမူအရ တပ်ရင်း (၅)ရင်းနဲ့ ပြေလည်မူ ရခဲ့ပေမယ့် ကျန်တပ်ရင်းတွေက တပ်ရင်းမှူးကို ပြန်လည်တင်ပြမယ်ဆိုပြီး၊ စစ်တပ်အစောင့်အရှောက်နဲ့ လယ်ထွန်နေတာကြောင့် မူလပိုင်ရှင်လယ်သမားတွေကလည်း လယ်မြေတွေကိုပြန်လည်သိမ်းယူ ထွန်ယက်ခဲ့ကြ ပါတယ်။

အဲဒီလယ်သမားတွေကိုလည်းတပ်က အမူဖွင့်ထားတယ်လို့ သိရပါတယ်။

RFA Burmese