Home » » ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအချို့ ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းမည်

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအချို့ ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းမည်

Written By Unknown on Friday, June 14, 2013 | 3:54 PM

မန္တလေး၊ ဇွန် ၁၃

မြေယာမြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ် တို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ နှစ် ၅၀ သက်တမ်း ဖြင့် ငှားရမ်းသွားမည် ဖြစ်ကြောင်း နေပြည်တော် စစ်ထောက်ချုပ်ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါငှားရမ်းမည့် နေရာများတွင် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ဆေးရုံ၊ တိုက်ခန်း၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် စက်မှုလုပ်ငန်းများ ကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါ စစ်ထောက်ချုပ်ရုံး ထံမှ ထပ်မံသိရသည်။
ယင်းကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငှားရမ်းဆောင်ရွက်နိုင်ရေး အတွက် အဆိုပြုတင်ဒါ ခေါ်ယူထားကြောင်းလည်း အဆိုပါရုံး ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် မြေသုံးဧက၊ ရန်ကင်းမြို့နယ်တွင် ဧက ၇၀ ကျော်၊ လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ရှိ ရဲမွန်ကျွန်းသာယာ ဂေါက်ကွင်း အပါအဝင် ဧက ၁၃၄၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ကွင်းအမှတ် ၄၁၆ ရှိ မြေ သုံးဧကကျော်၊ မဟာအောင်မြေ မြို့နယ်ရှိ ပြည်ကြီးမျက်ရှင် မီးသွေးတောင့် စက်ရုံ၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြည်ကြီးတံခွန်မြို့နယ်ရှိ စုစုပေါင်း ၃၅ ဧကကျော်ရှိရာ မြေကွက်တစ်ကွက်ချင်း ဖြစ်စေ၊ အကွက်တွဲလိုက် ဖြစ်စေ ငှားရမ်းနိုင်ကြောင်း၊ မဟာအောင်မြေမြို့နယ်ရှိ မြေ ကိုးဧကကျော် ရှိသည့် သားရေစက်ရုံဝင်းဟောင်းနှင့် ပြင်ဦးလွင်မြို့နယ် ၂၄ မိုင်ရှိ ရတနာပုံ ရှုခင်းသာဟိုတယ် မြေရှိ အဆောက်အအုံ ခုနစ်လုံးအပါအဝင် ၁၀ ဧကတို့ကို နှစ်ရှည် ငှားရမ်းနိုင်ကြောင်း အဆိုပါ တင်ဒါခေါ်ယူ ထားသည့် ထုတ်ပြန်ကြေညာချက် အရသိရသည်။

"ဈေးဝယ်စင်တာတွေ ကိုတော့ အခုခေတ်မှာ လုပ်ငန်းရှင်တွေ တော်တော်များများ စိတ်ဝင်စားကြတယ်" ဟု မန္တလေးမြို့တော် အခြေစိုက် ဝါရင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အဆိုပါမြေများကို အငှားချထားသည့် ကာလအတွင်း လျှောက်ထားသည့် ကုမ္ပဏီကသာ ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသူများသို့ လက်လွှဲငှားရမ်းခြင်း၊ ထုခွဲ ရောင်းချခြင်း ပြုလုပ်ရမည် မဟုတ်ကြောင်း ယင်းအဆိုပြု တင်ဒါခေါ်ယူခြင်း ကြော်ငြာစာတွင် ဖော်ပြထားသည်။
ငှားရမ်းခ များကိုလည်း ကာကွယ်ရေး ရငွေစာရင်း ခေါင်းစဉ်မှတစ်ဆင့် နိုင်ငံတော် ရငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်းလည်း အဆိုပါကြော်ငြာစာတွင် ပါရှိသည်။

The Voice Weekly