Home » » ဒေါ်လာဈေးမြင့်၍ ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်း လိုက်မကျနိုင်

ဒေါ်လာဈေးမြင့်၍ ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်း လိုက်မကျနိုင်

Written By Unknown on Saturday, June 15, 2013 | 7:49 AM

 ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း အမြင့်ကြောင့် ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်းရွှေဈေး လိုက်မကျနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှတဆင့် သိရသည်။

“ပြည်တွင်းမှာ ဒေါ်လာဈေး မြင့်နေပေမယ့် ကမ္ဘာ့ရွှေဈေးက နိမ့်နေတာကြောင့် ပြည်တွင်း ရွှေဈေးက ညီအောင် လိုက်မကျနိုင်ပါဘူး။ ဒါပေမယ့် ဈေးအနိမ့်မှာ ငြိမ်နေတယ်လို့ ပြောလို့ ရပါတယ်” ဟု အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

ဇွန်လ ၁၀ ရက်မှ ၁၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများတွင် အမြင့်ဆုံး အနေဖြင့် ကျပ် ၇၀၉,၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးအနေဖြင့် ကျပ် ၇၀၇,၀၀၀ ဖြစ်ခဲ့သည်။

“အရပ် ဝယ်လက်တွေက လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးတန်းပတ်လည်မှာ ဝယ်ထားတဲ့အတွက် အဝယ်ပါးတယ်။ ဈေးနှုန်းကို စောင့်ကြည့်အနေအထားမှာပဲ ရှိနေတော့ ဈေးကွက် အေးပါးတယ်။ ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၁,၄၀၀ ကနေ ပြန်ဆင်းလာတဲ့ပြီး ၁,၃၇၅-၁,၃၈၀ ဒေါ်လာလောက်မှာ ဖြစ်နေတယ်။ ကမ္ဘာ့ဈေး ဆင်းနေတယ်။ ပြည်တွင်း ရွှေဈေးကလည်း ဈေးလိုက်ကျတယ် ဆိုပေမယ့် ကမ္ဘာ့ရွှေဈေး အထက်မှာပဲ ဖြစ်ပေါ်နေတယ်။ ဘာကြောင့်လဲဆိုရင် အဝယ်နည်းပေမယ့် ပစ္စည်းအသား ရှားလို့ပါ” ဟု ရွှေကုန်သည် ဦးမောင်အေးက သုံးသပ်ပြောကြားသည်။

ကမ္ဘာ့ရွှေဈေးမှာလည်း အမြင့်ဆုံးအနေနှင့် ၁,၃၈၈ ဒေါ်လာဖြစ်ခဲ့ပြီး အနိမ့်ဆုံးအနေဖြင့် ၁,၃၇၄ ဒေါ်လာ ဖြစ်ခဲ့ သည်။

ယခုအပတ်အတွင်း ကမ္ဘာ့ရွှေဈေးမှာလည်း ၁ အောင်စလျှင် ၁,၃၈၈ ဒေါ်လာဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး အနိမ့်ဆုံး ၁,၃၇၄ ဒေါ်လာ ဖြစ်ခဲ့သည်။

“မနေ့က တနေ့လုံးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၇၀၉,၀၀၀ နဲ့ အမြင့်ဆုံး ဖြစ်ခဲ့ပြီး အနိမ့်ဆုံးအနေနဲ့ ကျပ် ၇၀၈,၅၀၀-၇၀၈,၇၀၀ နဲ့ တနေ့လုံး ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ဦးမောင်အေး က ဆက်ပြောသည်။ ဇွန်လ ၁၄ ရက် ပြည်တွင်းရွှေဈေးမှာ ကျပ် ၇၀၈,၀၀၀ ဖြင့် ဖွင့်ခဲ့ပြီး ကျပ် ၇၀၈,၂၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာလည်း ၁,၃၈၄ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ၁,၃၈၂ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့သည်။

ခင်မျိုးသွယ်
ရန်ကုန် (မဇ္ဈိမ)