Home » » အကြမ်းဖက်မှုများကြောင့် မလေးရှားရောက် မြန်မာလုပ်သား အချို့ ပြည်တော်ပြန်မည်

အကြမ်းဖက်မှုများကြောင့် မလေးရှားရောက် မြန်မာလုပ်သား အချို့ ပြည်တော်ပြန်မည်

Written By Unknown on Monday, June 10, 2013 | 5:15 PM

ရန်ကုန်၊ ဇွန် ၉

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှု ဆက်တိုက် ဖြစ်ပွားနေ၍ မြန်မာ အလုပ်သမားအချို့ နေရပ် ပြန်ရန် စီစဉ် နေကြကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများထံမှ သိရှိရသည်။

အကြမ်းဖက်မှုများ စတင် ဖြစ်ပွားခဲ့သည့် ဆာလာယန်းနှင့် နီးစပ်သောဒေသများတွင် ပြန်လာလိုသူ ပိုမို များပြားကြောင်း ၎င်းတို့က ပြောကြားသည်။

“မလုံခြုံတဲ့အတွက် အလုပ်မှာရှိတဲ့ မိန်းကလေး သုံးပုံနှစ်ပုံလောက်က
ပြန်ချင် နေကြတယ်” ဟု ဆာလာယန်းတွင် အလုပ် လုပ်ကိုင်နေသူ ဦးကျော်မင်းကျော်က ဆိုသည်။

ယခုရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်နေသည့် အမျိုးသမီး ခုနစ်ဦး ရှိပြီး ဇွန်လကုန်တွင် ပြန်ရန် စီစဉ်နေသူများလည်း ရှိကြောင်း ကွာလာလမ်ပူနှင့် ရှစ်မိုင်ခန့် ဝေးသည့် Gombak batu lapan မြို့တွင် အလုပ် လုပ်နေသော ဦးသိန်းထွန်းက ပြောကြားသည်။
“မိဘတွေမှာလို့ ပြန်ကြမှာ” ဟု ၎င်းက ထပ်မံပြောကြားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာ လိုကြသော်လည်း အလုပ်စာချုပ် သက်တမ်း မပြည့်သဖြင့် ပြန်ရန် ခက်ခဲကြောင်း ကွာလာလမ်ပူတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများထံမှ သိရှိရသည်။

အကြမ်းဖက်မှု ဆက်တိုက် ဖြစ်ပွားနေခြင်းနှင့် မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး နေခြင်းများကြောင့် မြန်မာအလုပ်သမားများ နေအိမ်အပြင် မထွက်ရဲ ကြကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် မေလ ၃၀ရက် နေ့က စတင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံး မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ကြောင်း ကပုန်း နာရေးကူညီမှု အသင်းထံမှ သိရှိရသည်။

The Voice Weekly