Home » » ဆရာဝန် မရောက်မီ တစ်ရက်အလို တန်းလွဲတိုက်နယ်ဆေးရုံမြေ ကျူးကျော်ထွန်ယက်ခံရ

ဆရာဝန် မရောက်မီ တစ်ရက်အလို တန်းလွဲတိုက်နယ်ဆေးရုံမြေ ကျူးကျော်ထွန်ယက်ခံရ

Written By Unknown on Friday, June 14, 2013 | 12:05 PM

နှစ်နဲ့ချီ ဆရာဝန်မဲ့ဖြစ်နေသော သံတွဲခရိုင် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း တိုက်နယ်ဆေးရုံသို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ခန့်အပ်ချပေးလိုက်သည့် တာဝန်ကျ ဆရာဝန် မရောက်မှီ တစ်ရက်အလိုတွင် ဒေသခံ လယ်သမားတစ်ဦးမှ ဆေးရုံပိုင်မြေတွင် လယ်ထွန်စက်ဖြင့် ကျူးကျော်ထွန်ယက်သွားခဲ့ကြောင်း သတင်းရရှိသည်။

တန်းလွဲတိုက်နယ် ဆေးရုံပိုင်မြေ အကျယ်အ၀န်းမှာ ၇ ဧက ကျော်ရှိပြီး လယ်သမား ဦးမောင်ချေမှ ၁ ဧက၀က်နီးပါးခန့် ကို လယ်ထွန်စက်ဖြင့် ကျူးကျော်ထွန်ယက်သွားခဲ့ကြောင်း တန်းလွဲချောင်း ဒေသခံ ဦးကျော်လွင်စိုးက အာရ်ကန်တိုင်းမ်စ်သို့ ယခုလို ပြောသည်။

" ဒီဆေးရုံပိုင်မြေ ၇ ဧက ကျော်ကို ၁၉၈၃ ခုနှစ်ကတည်းက ဒေသခံ ရပ်ရွာလူကြီးတွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက မြေနေရာသတ်မှတ်ထားခဲ့တာပါ။ ၁၃ ရက်နေ့ နံနက်စောစောပိုင်းက အဲဒီ ၇ ဧက ကျော် ဆေးရုံပိုင်မြေမှာ ဧက ထက်ဝက်နီးပါးလောက်မြေကို လယ်ထွန်စက်နဲ့ ကျူးကျော်ထွန်ယက်သွားခဲ့ပါတယ်။ တာဝန်ကျ ဆရာဝန်က ဒီကနေ့ ၁၄ ရက်နေ့ မှာ ရောက်လာမှာပါ။ " ဟု သူက ပြောဆိုသည်။

မည်သည့် ရည်ရွယ်ချက်ဖြင့်ပင် ထွန်ယက်သည် ဖြစ်သော်လည်း ယခုလို အများသူပိုင် ဆေးရုံအဖြူရောင်နယ်မြေတွင် လာရောက်ထွန်ယက်ခြင်းသည် ကျူးကျော်ထွန်ယက်ခြင်းဖြစ်ပြီး ရပ်ရွာလူကြီးတချို့နှင့် ဆေးရုံအကျိုးဆောင်လုပ်ငန်း လုပ်ဆောင်နေသူများကို မထီလေးစား အထင်သေး သိက္ခာကျစေနိုင်သည်ဟု ထင်မြင်ယူဆကြောင်း ၄င်းက ဆက်လက်ပြောသည်။

" အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မူခံယူတဲ့ အဖြူရောင်နယ်မြေ ဆေးရုံမှာ ယခုလို မထီမဲ့မြင် လာရောက်ထွန်ယက်တာဟာ စည်းကျူးကျော်ထွန်ယက်တာဖြစ်သလို ရပ်ရွာလူကြီးတွေနှင့် ဆေးရုံအကျိုးဆောင်လုပ်ငန်း လုပ်ဆောင်သူတွေကို အများအမြင်မှာ အထင်သေး သိက္ခာကျဆင်းအောင် လုပ်တာဖြစ်တယ်။ " ဟု ပြောသည်။

အဆိုပါ ဆေးရုံပိုင်မြေကို ကျူးကျော်ထွန်ယက်သည့် ကိစ္စနဲ့ပတ်သက်၍ ထွန်ယက်သူ ဦးမောင်ချေအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တန်းလွဲချောင်း ရွာမကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားသွားမည်ဖြစ်ကြောင်း ဦးကျော်လွင်စိုးက ပြောဆိုသည်။

တန်းလွဲချောင်း ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမဲအောင်မှာ ကျေးရွာကိစ္စနဲ့ ပတ်သက်၍ ခရီးလက်လွန်ဖြစ်နေကြောင်းလည်း ဦးကျော်လွင်စိုးက ပြောဆိုသွားခဲ့သည်။

Written by အာရ်ကန်တိုင်းမ်စ်