Home » » ဆွဲတင်စစ်ရုံးချိန်း တရားလိုပျက်ကွက်

ဆွဲတင်စစ်ရုံးချိန်း တရားလိုပျက်ကွက်

Written By Unknown on Thursday, June 20, 2013 | 7:02 PM

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေစာရင်း ကောက်ယူရေးစီမံချက် (ဆွဲတင်စစ်) အကောင်အထည်ဖော်တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေအပေါ် စွဲဆိုတဲ့အမှုကို ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုအဖြစ် စွဲဆိုသူ မလာရောက်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ တရားခွင်ရပ်နားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူဦးရေစာရင်းကောက်ယူတဲ့ (ဆွဲတင်စစ်) အစီအစဉ် စစချင်းမှာပဲ  ပြဿနာဖြစ်ပြီး ရုံးတင်တရားစွဲခံရတာပါ။

စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာမှာ မွတ်စလင်အမျိုးသမီး မဆော်လေမာက သူဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ ပြောတာကို ဘင်္ဂါလီလို့ စာရင်းသွင်းဖို့လုပ်ရာက စကားများပြီး လူအုပ်စုနဲ့ ခဲတွေနဲ့ ၀ိုင်းပေါက်လို့ စစ်ဆေးရေးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်၊

ဒါကြောင့်  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုပြီး မေ ၂၃ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ မဆော်လေမာ၊ မာမောက်ဟာရှင်၊ ဦးစံလင်း၊ ဦးကျော်မြင့်၊ ဦးဘသာ၊ ဦးလှမြင့်တို့ကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ ဓားပြမှု၊ ခြိမ်းခြောက်မှု အားပေးကူညီမှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ချိန်းဆိုတဲ့ တရားခွင်ကို တရားလို လ၀ကဦးစီးမှူး ဦးရန်အောင်မြင့် ပျက်ကွက်လို့ မစစ်ဖြစ်ဘဲ နောက်နေ့ ဆက်စစ်မယ်လို့စွပ်စွဲခံရသူတွေဘက်က ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိတဦးလည်း ဒုတိယအကြိမ် တက်ရောက်နားထောင်တယ်လို့ ဆိုပါတယ်။

ဇွန် ၆ ရက်နေ့ ရုံးချိန်းတုန်းကတော့ တရားခံပြေး နောက်ထပ် ၂၄ ဦးအပေါ်  အမှုဖွင့်ချက်ကို တရားရုံးမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီရုံးချိန်းတုန်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဌာနေအရာရှိတွေ တက်ရောက်နားထောင်တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။

“သူတို့က တကူးတကကို လာပြီး စောင့်ကြည့်တယ်။ တရားရေးကလည်း စီစဉ်ပေးပါတယ်။ နောက် သူတို့က အမှုကြောင်းကို မေးတော့ ကျနော်ရှင်းပြတယ်။ ”

ရခိုင်ပြည်နယ်တခွင်မှာ အဖွဲ့ ၆၃ ဖွဲ့ ဖွဲ့စည်းပြီး ဘင်္ဂလီလူဦးရေစာရင်းကောက်တဲ့ ဆွဲတင်စစ် စီမံချက်ကို စတင်တဲ့ ဧပြီ ၂၆ ရက်နေ့ ပထမဆုံးနေ့မှာပဲ စစ်တွေမြို့က သက်ကယ်ပြင်ကျေးရွာ မွတ်စလင်ဒုက္ခသည်စခန်းမှာ ပြဿနာ ဖြစ်ခဲ့တာပါ။

စီမံချက်စတဲ့နေ့မှာပဲ ပြဿနာ ဖြစ်ပြီး ရပ်ထားတဲ့အဲဒီဆွဲတင်စစ်စီမံချက်ကို  ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဦးလှသိန်းက ပြောကြားထားပါတယ်။

 by ​အေး​နိုင်  (ဒီဗွီဘီ)