Home » » လယ်ယာမြေ အသွင်ပြောင်း စီးပွားရှာသူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်း

လယ်ယာမြေ အသွင်ပြောင်း စီးပွားရှာသူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်း

Written By Unknown on Saturday, June 29, 2013 | 4:37 AM

ရန်ကုန် ၊ ဇွန် ၂၇

ငွေကြေးအရင်းပြု၍ လယ်ယာမြေကို အခြားစီးပွားရေး လုပ်ငန်းအဖြစ် အသွင်ပြောင်း ကိုယ်ကျိုးရှာသူများကို စုံစမ်းဖော်ထုတ် အရေးယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်း က ပြောကြားသည်။

ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၊ တတိယမြောက်နေ့တွင် ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ပဲခူတိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း၏ စပါးစိုက်ဧက မလျော့နည်းရန် လယ်ယာမြေကို စီးပွားရေးလုပ်ငန်း အသွင်ပြောင်း လုပ်ကိုင်နေမှုများကို အရေးယူရန် ရှိမရှိ မေးခွန်းနှင့် ပတ်သက်၍ ၄င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် စပါးမစိုက်သော လယ်မြေဧက များစွာရှိသည့်အတွက် ဟန်ပြစပါးစိုက်၍ လယ်ယာမြေကို ပြန်လည်ရောင်းချခြင်း နှင့် အုတ်တံတိုင်းခတ်ကာ စီးပွားရေး လုပ်ကိုင်နေမှုများကို တိတိကျကျဖော် ထုတ် အရေးယူရန် လိုအပ်သည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း ကဆိုသည်။
"ဟန်ပြ စိုက်ပျိုးသူတွေကို တိတိကျကျ အရေးယူသင့်တယ်။ တစ်ယောက်တည်း အမြင်နဲ့ ပြောရင် အစိုးရက ဟန်ပြလုပ်နေသလို ဖြစ်နေတယ်" ဟု ၄င်းက ဆိုသည်။

လယ်ယာမြေပေါ်တွင် ရေရှည် အကျိုးစီးပွား ဖော်ဆောင်နိုင်သည့် လုပ်ငန်း လုပ်ကိုင်လိုပါက လုပ်ကိုင်လိုသော သက်ဆိုင်ရာ ဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီ၏ ထောက်ခံချက် ရယူပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နိုင်ကြောင်း လယ်ယာမြေဥပဒေ အခန်း ၁၀ တွင် ဖော်ပြထားသည်ဟု ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆိုသည်။

အစိုးရသည် တောင်သူလယ်သမား များအတွက် ဥပဒေများဖြင့် အကာအကွယ် ပေးရန် ကြိုးစားနေသည်ဟု ဆိုသော်လည်း လယ်သမားများ၏ ဘဝမှာ တိုးတက်လာခြင်း မရှိကြောင်း ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အနောက် သင်အိုင်ကျေးရွာ ဒေသခံ လယ်သမားများ က တညီတညွတ်တည်း ပြောကြားသည်။

လယ်ယာမြေများကို အခြားနည်းဖြင့် ခွင့်ပြုချက်မရဘဲ အသုံးပြုပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ်ဖြစ်ပါက အနည်းဆုံး ၃ သိန်း မှ အများဆုံး ၅ သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း လယ်ယာမြေဥပဒေ အခန်း ၁၂ / ပုဒ်မ ၃၅ တွင် ဖော်ပြထားသည်။

The Voice Weekly