Home » » အီရန်သမ္မတ ဘယ်သူဖြစ်လာမလဲ

အီရန်သမ္မတ ဘယ်သူဖြစ်လာမလဲ

Written By Unknown on Saturday, June 15, 2013 | 10:03 AM

အီရန်နိုင်ငံ တဝှမ်းမှာ သန်းပေါင်း ၅၀ လောက်ရှိတဲ့ မဲဆန္ဒရှင်တွေ ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်မယ်ဆိုတာ မနေ့က မဲပေးခဲ့ကြပါတယ်။

မဲပေးကြသူတွေများတဲ့အတွက် ပြည်ထဲရေးဌာနက မဲပေးချိန်ကို နောက်ထပ် ၅ နာရီ ထပ်တိုးပေးခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ မိုဟာမက် အမာဒီနာဂျတ်ကို ဘယ်သူဆက်ခံမလဲ ဆိုတာ ရွေးကြမှာ ဖြစ်ပါတယ်။

အမာဒီနာဂျတ်ရဲ့ ၈ နှစ်တာ သက်တမ်းအတွင်း စီးပွားရေး ပြသနာတွေ နဲ့ အီရန်ရဲ့ နျူးကလီးယား အစီအစဉ်ကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံခဲ့ရပါတယ်။.

ဒေသအချိန် ညသန်းခေါင်လောက်ကျမှ မဲရုံတွေ ကို ပိတ်လိုက်ရပါတယ်။ မဲ ရလဒ်ကို နောက် ၂၄ နာရီလောက်ကျမှ ကြေညာမှာ ဖြစ်ပါတယ်။

သမ္မတလောင်းတွေ အနေနဲ့ မဲရလဒ်တွေနဲ့ပတ်သက်လို့ မကျေနပ်ဘူးဆိုရင် the Guardian Council, လို့ခေါ်တဲ့ ကြီးကြပ်ရေးအဖွဲ့ကို ၃ ရက် အတွင်း တိုင်တန်းနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။

သမ္မတလောင်းအဖြစ် ဝင်ပြိုင်သူ ၆ ယောက်စလုံးကို ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေလို့ မြင်ကြပေမယ့် အဲဒီထဲက တယောက် ဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် Hassan Rouhani, ဟာ လောလောဆယ် ရက်တွေအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ပြောဆိုလာခဲ့ပါတယ်။

စောစောပိုင်းက ဒီရွေးကောက်ပွဲကို ဘာဖြစ်မယ်ဆိုတာ မှန်းလို့ ရတဲ့ ရွေးကောက်ပွဲလို့ မြင်နေခဲ့ကြပေမယ့် ပြီးခဲ့တဲ့ အပတ်က အံသြစရာ ဒီလို အပြောင်းအလဲကြောင့် ရွေးကောက်ပွဲဟာ စိတ်ဝင်စားစရာကောင်းလာခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် ရစ်ချတ် ဂဲပင်းက ပြောပါတယ်။

သမ္မတလောင်း Mr Rouhani ဟာ လူထုရဲ့ အာရုံစိုက်မှုကို ပိုရလာနေပြီး သူဟာ အနောက်နိုင်ငံတွေနဲ့ ပြန်ထိတွေ့ ဆက်ဆံဖို့ လိုတယ်ဆိုတာကို လူသိရျင်ကြား ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

သူက နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ပေးမယ်လို့ ဂတိပေးခဲ့ပြီး မီဒီယာကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ သူက တောင်းဆိုခဲ့ပါတယ်။

အီရန်သမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တဦးတည်းသော ပြုပြင်ပြောင်းလဲရေးသမား မိုဟာမက် ရီဇာ အာရက်ဖ်က သူသမ္မတဝင်မရွေးတော့ဘူးလို့ အင်္ဂါနေ့က ကြေညာ ခဲ့ပြီးတဲ့နောက် Mr Rouhani အပေါ် လူတွေက တခက်နက် ထောက်ခံလာခဲ့ကြတာ ဖြစ်ပါတယ်။

ရီဇာအာရက်ဖ်ဟာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ အရင်သမ္မတဟောင် မိုဟာမက် ခါတာမီရဲ့ အကြံပြုချက်နဲ့ ဝင်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုတော့ Mr Rouhani ကို သမ္မတဟောင်း ၂ဦးဖြစ်တဲ့ မစ္စတာ ခါတာမီနဲ့ မစ္စတာ ရပ်ဖ်ဆန်ဂျန်နီတို့ရဲ့ ထောက်ခံမှုကို ရရှိနေပါတယ်။ မစ္စတာ ရပ်ဖ်ဆန်ဂျန်နီဟာ သြဇာကြီးမားတဲ့ Guardian Council ကနေ သမ္မတလောင်းအဖြစ် ဝင်ရွေးခံဖို့ သတ်မှတ်ချက် မပြည့်မှီဘူးဆိုပြီး အပယ်ခံထားရသူ ဖြစ်ပါတယ်။

ဘာဘဲ ဖြစ်ဖြစ် Mr Rouhani အနေနဲ့ အတော်ကို ခက်ခက်ခဲခဲ ပြိုင်ရမယ့်အနေအထားရှိနေပါတယ်။ သမ္မတလောင်းဝင်အရွေးခံသူတွေထဲမှာ သဘောထားတင်းမာတဲ့ ထိပ်တန်းနျူးကလီးယား စေ့စပ်ညှိနှိုင်းရေးမှုး Saeed Jalili နဲ့ တီဟီရန် မြို့တော်ဝန် Mohammad Baqer Qalibaf. တို့ပါသလို ကျန်သူတွေကလဲ အီရန်ဘာသာရေးထိပ်တန်းခေါင်းဆောင်းကြီး အယာတိုလာ ခါမေနီနဲ့နီးစပ်တဲ့ ရှေးရိုးစွဲ ဝါဒီတွေ ဖြစ်ကြပါတယ်။

ဘယ်သူမှ ၅၀ ဒသမ ၁ ရာခိုင်နှုန်းမဲမရရင် ဂျွန်လ၂၁ ရက်နေ့ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ နိုင်ငံခြားက အကဲခတ်တွေကို လာခွင့်မပြုသလို ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ သတင်းစာတွေကို ပိတ်ထားခဲ့ပါတယ်။ ထို့အတူ အင်တာနက် နဲ့ နိုင်ငံခြားအသံလွှင့်မှုတွေကိုလည်း နားမထောင်နိုင်အောင် ထိန်ချုပ်ထားပြီး သတင်းစာဆရာတွေကို ဖမ်းဆီးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)