Home » » တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ သိန်းတစ်ရာကျော်ဖြင့် အရစ်ကျရောင်းမည်

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ သိန်းတစ်ရာကျော်ဖြင့် အရစ်ကျရောင်းမည်

Written By Unknown on Thursday, June 13, 2013 | 5:58 PM

ရန်ကုန်၊ ဇွန် ၁၂

ဝင်ငွေနည်းသူများကို အရစ်ကျ ရောင်းချရန် လှိုင်သာယာမြို့နယ်တွင် အကောင်အထည်ဖော်မည့် တန်ဖိုးသင့် အိမ်ရာများရှိ တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြား သည်။

အဆိုပါ အိမ်ရာများတွင် အခန်း တစ်ခန်းချင်းအလိုက် ဆောက်လုပ်ရေး ပစ္စည်း စရိတ်များ ဈေးနှုန်း မြင့်မားခြင်း၊ သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီး ရရှိရန်တို့ကို ဆောင်ရွက်ရခြင်းတို့ကြောင့် အခန်းဈေးနှုန်း ကျပ်သိန်း တစ်ရာကျော်နိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးနည်း တိုက်ခန်း တစ်ခန်း လျှင် ဆောက်လုပ်ရေး အလုပ်သမားခ သိန်း ၃၀နှင့် ကိုယ်ပိုင်ဓာတ်အား ခွဲရုံအတွက် ကျပ်သိန်းတစ်သောင်း ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"သိန်းတစ်ရာ အောက်ချ ရောင်းနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးဘူး။ တန်ဖိုး နည်း အိမ်ရာအတွက်ဆိုပြီး ဆောက်လုပ်ရေး ပစ္စည်းဈေးနှုန်း က လျှော့ရောင်းတာမဟုတ်ဘူး" ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အရစ်ကျ ရောင်းချမည့် အိမ်ရာများကို ၂၅ ထပ် အဆောက်အအုံများအဖြစ် တည်ဆောက်မည်ဖြစ်ပြီး အခန်း အရေအတွက်ကို ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း၊ တန်ဖိုးနည်း တိုက်ခန်းများ ရေနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ကုန်ကျစရိတ်များကို တိုက်ခန်းရောင်းမည့် တန်ဖိုးတွင် မထည့်သွင်းဘဲ အစိုးရ၏ အသုံးစရိတ်မှ ကျခံပေးရန် မူအားဖြင့် သဘောတူထားကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

အရစ်ကျရောင်းမည့် တန်ဖိုးနည်း အိမ်ရာများတွင် အထပ်မြင့်လာပါက ကုန်ကျစရိတ် မြင့်လာမည်ဖြစ်သောကြောင့် ဓာတ်လှေကားမပါဘဲ ငါးထပ်တိုက်များကိုသာ တည်ဆောက်ပြီး ရေနှင့် မီးရရှိရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံမှ အကုန်အကျခံသင့်ကြောင်း မဂ္ဂင်ဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာဦးအောင်ထွန်းက ပြောကြားသည်။

အခြေခံ လက်လုပ်လက်စား ဝင်ငွေနည်းသူများ အများစုနေထိုင်ရာ လှိုင်သာယာမြို့နယ်တွင် အကောင်အထည်ဖော်မည့် သိန်းတစ်ရာကျော် တိုက်ခန်းသည် အခြေခံ လူတန်းစားများအတွက် လက်လှမ်းမီနိုင်ခြေ မရှိကြောင်း၊ တိုက်ခန်းများ ရောင်းချရာတွင်လည်း ပွင့်လင်းမြင်သာ သည့် ဈေးနှုန်းဖြင့် ရောင်းချစေလိုကြောင်း ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြ ပြောဆိုသည်။

ဝင်ငွေနည်းသူများ အိမ်ခန်း ပိုင်ဆိုင်နိုင်ရန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်းတို့ကို စတင် ဆောင်ရွက်လျက်ရှိရာ ၁၈ ထပ် အဆောက်အအုံပေါင်း ၄၈ လုံးတွင် အခန်းပေါင်း နှစ်သောင်းကျော် ပါဝင်မည်ဖြစ်ပြီး လူဦးရေ ရှစ်သောင်း နေထိုင်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly