Home » » မလေးရောက် မြန်မာနိုင်ငံသားများအတွက် မိသားစုဝင်များ စိုးရိမ်ပူပန်

မလေးရောက် မြန်မာနိုင်ငံသားများအတွက် မိသားစုဝင်များ စိုးရိမ်ပူပန်

Written By Unknown on Tuesday, June 11, 2013 | 7:30 PM

မလေးရှားနိုင်ငံရောက် မြန်မာတွေ အကြမ်းဖက်ခံနေရတဲ့သတင်းတွေကြောင့် ပြည်တွင်းမှာရှိနေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်ပူပန် နေကြပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ ဦးဗလကြီးကတော့ မလေးရှားမှာ အလုပ်သွားလုပ်နေတဲ့  သူ့ ညီမဖြစ်သူကို ပြန်လာပြီး မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်စေချင်တယ်လို့ ပြောပါတယ်။

“အဆက်အသွယ်က မရသေးဘူး။ အဆက်အသွယ်ရရင်တော့ ကိုယ့်နိုင်ငံမှာ အသေခံမလား၊ သူများနိုင်ငံမှာ အသေခံမလားပေါ့။ ပြန်လာခဲ့ဖို့ ပြောမယ်။ မြန်မာပြည်မှာ လုပ်ကိုင်စားလဲ ဒီလောက်ပဲ။ ပြန်ခေါ်တော့မယ်။”

ရန်ကုန်မြို့က မိသားစုဝင်တဦးဖြစ်တဲ့ ဒေါ်နွယ်နွယ်ထွန်းတော့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မောင်ဖြစ်သူကို စိုးရိမ်နေကြောင်း ပြောပါတယ်။

“စိုးရိမ်တာပေါ့။ ဒါပေမယ့် အင်တာနက်ကနေ ပြောတယ်။ သူကအပြင်မထွက်ဘူးတဲ့။ သူကစက်ရုံမှာလုပ်တာတော့ မဟုတ်ဘူး။ သူနေတဲ့နေရာနားမှာ ရဲစခန်းတွေအများကြီးရှိတယ်။ စိတ်ပူတာတော့ အရမ်းပဲ။ အမေဆို သူ့သားကို စိတ်ပူနေတာ။ ကရင်တွေ၊ ရခိုင်တွေ သေတယ်တော့ ကြားနေတာပဲ။ သူကတော့ စိတ်မပူနဲ့ အပြင်မထွက်ဘူးတဲ့။”

မေ ၂၉ နေ့ မနက်ပိုင်းက အကြမ်းဖက်ရိုက်နှက်ခံရမှုကြောင့် ဆေးရုံပေါ်မှာ ကုသခံနေရသည့် ကိုအောင်ဝင်း

မလေးရှားနိုင်ငံ ကွာလာလန်ပူမှာ အလုပ်လုပ်နေတဲ့ ကိုပီတာက “ဟိုနေ့က ဆာလာယန်းဈေးမှာဖြစ်တာတော့ ဟုတ်တယ်။ ဒီကိစ္စတွေက ပြီးသွားပြီ။ လူတွေက သက်သက်မဲ့ လျှောက်ဖွနေတာ၊ ဟိုမှာ အသတ်ခံထိတယ်၊ ဒီမှာ အသတ်ခံထိတယ်။ အမှန်ကဘာမှမဖြစ်ဘူး။ သူတို့က သတင်းတွေကြားကြားနေတော့ စိုးရိမ်တယ်။ အမှန်ကဘာမှမဖြစ်ဘူး။ သူ့စီးပွားသူရှာ၊ ကိုယ်စီးပွားကိုယ့်ရှာနဲ့ပါ။”

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြီးခဲ့တဲ့  မေလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းတိုက်ခိုက်မှုတွေအတွင်း မြန်မာအလုပ်သမား ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို မြန်မာနိုင်ငံသားတွေကို မလေးရှားတွေက ဥပဒေမဲ့တိုက်ခိုက်မှုတွေကို ကာကွယ်ပေးဖို့ မြန်မာအစိုးရက မလေးရှား အစိုးရကို ပန်ကြားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်လာချင်သူတွေအတွက်လည်း လွယ်ကူအစဉ်ပြေအောင် လေယာဉ်လက်မှတ်ခတွေ တ၀က်လျှော့ချပေးတာအပါအ၀င် အကူအညီပေးရေး အစီအစဉ်တွေ လုပ်ဆောင်ပေးနေပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ သိရပါတယ်။

by မျိုးဇော်လင်း (ဒီဗွီဘီ)